CNI International News
မနီလာ၊ အောက်တိုဘာ ၇
ဖိလစ်ပိုင်အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်၏သားဖြစ်သူ လာမည့်နှစ်ရွေးကောက်ပွဲတွင် သမ္မတနေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့ကြောင်း အောက်တိုဘာ ၆ ရက်က ဘီဘီစီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ဘောင်ဘောင်း(Bongbong) ဟု လူသိများသော ဖာဒီနန်မားကို့စ်ဂျူနီယာက သူ၏သမ္မတလောင်း ဝင်ပြိုင်မည့်အကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ဗီဒီယိုပို့စ်တင်ပြီး ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိသမ္မတ ရိုဒရီဂိုဒူတာတေး၏မဟာမိတ်ဖြစ်သည့် မားကို့စ်ဂျူနီယာသည် တိုင်းပြည်ကို စည်းလုံးညီညွတ် စေမည့် ခေါင်းဆောင်မှုမျိုး ဆောင်ကြဉ်းပေးမည်ဟု ကတိပြုထားသည်။
၁၉၈၆ ခုနှစ်အထိ ၎င်း၏ဖခင် အာဏာရှင်မားကို့စ်သည် ဖိလစ်ပိုင်နိုင်ငံကို နှစ်ပေါင်း ၂၀ ကြာအုပ်ချုပ်ခဲ့သည်။
ပုံစာ(၂)-၁၉၇၇ ခုနှစ်တွင် မိသားစုနှင့်အတူ ယာဘက်အစွန်ဆုံးတွင် တွေ့ရစဉ်(ဓါတ်ပုံ -Getty Images)
မားကို့စ်စီနီယာသည် ၁၉၇၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေး(မာရှယ်လော)ဖြင့် ၁၉၈၁ ခုနှစ်အထိ ဖိနှိပ်အုပ်ချုပ်ခဲ့သော နာမည်ဆိုးဖြင့်ကျော်ကြားသည့် အာဏာရှင်တစ်ဦးဖြစ်သည်။ သူသည် ဖိလစ်ပိုင်ကွန်ဂရက်(လွှတ်တော်)ကို သော့ခတ်ပြီး နိုင်ငံရေးပြိုင်ဘက်များကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။
၎င်းအုပ်စိုးနေစဉ်ကာလအတွင်း မတရားသတ်ဖြတ်မှုများနှင့် နိုင်ငံရေးပြိုင်ဘက်များကို နှိပ်စက်ညှင်းပန်းမှုများဖြင့် ပြည့်နှက်နေခဲ့ရာ နောက်ဆုံးတွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ‘ပြည်သူ့အာဏာ’ ဖြင့် လူထုအုံကြွမှုတို့က မားကို့စ်ကို ဖြုတ်ချခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအပြင်ဘက် ဟာဝိုင်အီကျွန်းတွင် မားကို့စ် သေဆုံးခဲ့သည်။
ယခု ရွေးကောက်ပွဲဝင်မည့် မားကို့စ်ဂျူနီယာသည် အာဏာရှင်ဟောင်း၏တစ်ဦးတည်းသောသားဖြစ်ပြီး နိုင်ငံရေးလုပ်သက်လည်း အတန်ရင့်သန်နေပြီဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ လွှတ်တော် အမတ်ဖြစ်ခဲ့ပြီး ၂၀၁၆ ရွေးကောက်ပွဲတွင် ဒုတိယသမ္မတနေရာ ဝင်ပြိုင်ရာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
သူသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒူတာတေး မကြာမီလက်လွှတ်ရတော့မည့် သမ္မတရာထူးက ဆက်ခံရန် မျှော်လင့်ချက်ဖြင့် ကြေညာလိုက်သော နောက်ဆုံးနိုင်ငံရေးသမားဖြစ်သည်။ သူ့ရှေ့တွင် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဟောင်း မန်နီပက်ကွီယိုနှင့် မနီလာမြို့တော်ဝန် ဖရန်စစ္စကိုဒိုမာဂိုဆိုတို့က သမ္မတလောင်းအမည်စာရင်း တင်သွင်းကြေညာပြီးဖြစ်သည်။
မစ္စတာမားကို့စ်သည် လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် နာမည်ကျော်ကြားခဲ့သူဖြစ်ကြောင်း သိရသည်။