CNI News

၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၆

မြန်မာ့ကမ်းရိုးတန်းတလျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ ပင်လယ်ပြင်ကာကွယ်ရေး ကမ်းခြေစောင့်တပ်ဖွဲ့ ကို မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနားကို ယနေ့(အောက်တိုဘာ ၆ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့ကမ်းရိုးတန်းတလျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့် စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအား တာဝန်ခံ စီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ် ၍ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် ပင်လယ်ဖြတ်ကျော်မှုခင်းများ နှိမ်နင်းရန်၊ သတင်း အချက်အလက်များ ဖလှယ်ရန်၊ နိုင်ငံတကာ ကမ်းခြေစောင့် တပ်ဖွဲ့များနှင့်ချိတ်ဆက်ပြီး သံတမန် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန်တို့ကိုလည်း ရည်ရွယ်၍ ဖွဲ့စည်းခြင်း ဖြစ်ကြောင်းဆိုသည်။

ပုံ- ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း(VOA)

မြန်မာနိုင်ငံသည် ကုန်းမြေဧရိယာ ၂၆၁၂၂၈ စတုရန်းမိုင်ခန့်နှင့် ရေပြင်ဧရိယာ ၁၄၄၉၁၂ စတုရန်းမိုင်ခန့်ပိုင်ဆိုင်ပြီး ရေပြင် ဧရိယာအနေဖြင့် စုစုပေါင်းဧရိယာ၏ ၃၅ ရာခိုင်နှုန်းရှိကြောင်း၊ ကမ်းရိုးတန်းတလျှောက်တွင်လည်း ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိပြီး သဘာဝကပေးအပ်သည့် အရင်းအမြစ်များ၊ စီးပွားရေး အခွင့်အလမ်းများ များစွာရှိကြောင်း၊ ကမ်းရိုးတန်းနှင့် ပိုင် နက် ပင်လယ်ပြင် သဘာဝအလှတရားများ၏ ဆွဲဆောင်အားနှင့်ပင်လယ်ပြင်ရေကြောင်းခရီးသွား လုပ်ငန်း Marine and Coastal Tourism လုပ်ငန်းအတွက် အခြေခံကောင်းများစွာရှိသည်ကိုတွေ့ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လု်ပဆောင်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

၎င်းက “ မိမိတို့နိုင်ငံ၏ ပင်လယ်ပြင် အခြေပြုစီးပွားရေး လုပ်ငန်းများ တစ်နည်းအားဖြင့် ပင်လယ်ပြာ စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် ရေကြောင်းခရီးသွားလုပ်ငန်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းများလုပ်ငန်း၊ ကမ်း လွန်ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းများ ဘေးကင်းလုံခြုံရေး၊ ပင် လယ်ပြင်မှ တရားမဝင် ဖြတ်သန်းဝင်ရောက်မှု မရှိစေရေးနှင့်ပင်လယ်ပြင်တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ပေးရန်အတွက် ယနေ့ ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်”ဟု ဆိုသည်။

ထို့နောက် မိမိတို့ ပင်လယ်ပြင်သည် ငါးသယံဇာတ အမြောက်အများရှိပြီး တိုင်းရင်းသား ပြည်သူလူထုအတွက် အစားအစာ လုံခြုံမှု Food Security ကို အဓိက ပံ့ပိုးပေးလျက်ရှိကြောင်း၊ ပင်လယ်ပြင်တွင် ငါးလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြု သူများ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ပင်လယ်ပြင်တွင် တရားမဝင် ငါးခိုးဖမ်းဆီးမှုများကို လည်း စစ်ဆေးရှာဖွေ ဖမ်းဆီးထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။