CNI International News
ဘန်ဒါဆရီဘီဂါဝန်၊ အောက်တိုဘာ ၆
ပဋိပက္ခဖြစ်ပွားနေသော တိုင်းပြည်တွင် ပြန်လည်တည်ဆောက်ရန် သဘောတူညီထားသည့် လမ်းပြမြေပုံ ပီပီပြင်ပြင် တိုးတက်ခြင်းမရှိ၍ နစကဥက္ကဋ္ဌကို ယခုလနှောင်းပိုင်း အာဆီယံထိပ်သီး အစည်အးဝေးသို့ မဖိတ်ကြားတော့ကြောင်း ဒေသတွင်း သံတမန်တစ်ဦးက အောက်တိုဘာ ၆ ရက်၌ ပြောကြားသည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အတွင်း ပြီးခဲ့သည့် ဧပြီလက သဘောတူခဲ့သော အချက် ၅ ချက်ပါ အစီအစဉ် ကို နစက အနေဖြင့် မလုပ်ဆောင်ခြင်းသည် နောက်ကြောင်းပြန်လှည့်ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ အီရာဝန်ယူဆွစ်ဖ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အာဆီယံ၏ virtual စနစ်ဖြင့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ နစကကို ဖိတ်ကြားခြင်း မပြုရေးနှင့်ပတ်သက်၍ အာဆီယံအထူးကိုယ်စားလှယ် ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အီရာဝန်ယူဆွစ်ဖ်က ပြောကြားရာတွင် “ဒီနေ့အချိန်အထိ အချက် ၅ ချက်ပါ သဘောတူညီချက် အကောင်အထည်ဖော်မှုက တိုးတက်မှုမရှိသေးပါဘူး။ ဒါဟာ စိုးရိမ်စရာတစ်ခုပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ပုံ-ဧပြီ ၂၄ ရက်က ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်လာသည်ကိုတွေ့ရစဉ်
ရိုက်တာသတင်းဌာနက အောက်တိုဘာ ၆ ရက်နေ့တွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
ထိပ်သီးအစည်းအဝေးမှ ခေါင်းဆောင်တစ်ဦးကို ဖယ်ထုတ်ခြင်းသည် သဘောတူညီချက်၊ ဆုံးဖြတ်ချက်နှင့် အခြေခံမူများနှင့် စေ့စပ်ဆွေးနွေးရေးတို့ကို ဦးစားပေးသော အာဆီယံအတွက် ကြီးမားသော ခြေလှမ်းဖြစ်လိမ့်မည်ဟု ရိုက်တာက ဆက်လက် ရေးသားထားသည်။
ဖြုတ်ချခံထားရသော ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် မိမိတောင်းဆိုမှုများကို နစက-က တိုက်ရိုက်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း မစ္စတာ အီရာဝန်ယူဆွစ်ဖ်က ဆက်လက် ပြောကြား ခဲ့သည်။
Source: Reuters