CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာမယ့် အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားသင့်/မသင့် အာဆီယံခေါင်းဆောင်များကြား ဆွေးနွေးသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ အီရာဝန် ယူဆွစ်ဖ် က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ အီရာဝန် ယူဆွစ်ဖ်(Mr.Erywan Yusof )ကဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပသွားရန် ရှိပြီး ထိုအစည်းအဝေးသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြား သင့် /မသင့်ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများကြား ဆွေးနွေးနေကြခြင်းဖြစ်သည်။
ထိုသို့ ဆွေးနွေးနေကြရာတွင် မလေးရှာနိုင်ငံက မဖိတ်ကြားသင့်ကြောင်း သဘောထား ရပ်တည်လျက်ရှိ ပြီး ဘရူးနိုင်းနိုင်ငံနှင့် တခြားနိုင်ငံများက ဖိတ်ကြားသင့်ကြောင်း သဘောထား ရပ်တည်မှုများရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံ ထိပ်သီး အစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သေးသည်။