ကွာလာလမ်ပူ အောက်တိုဘာ ၆

မြန်မာနိုင်ငံအတွက် အာဆီယံက သဘောတူထားသည့် အချက် ၅ ချက် အလုပ်မဖြစ်ပါက မလေးရှားအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရေး မိမိအစီအစဉ်ဖြင့်သာ ဆက်ဆံသွားရန် ပြင်ဆင်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ ဆာဖတ်ဒင် အဗ္ဗဒူလာက အောက်တိုဘာ ၆ ရက်တွင် ပြောကြားကြောင်း thestar.com.my တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံ အာဆီယံထဲမဝင်ရသေးခင်ကတည်းက မလေးရှားဟာ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ပထမ ဆုံး လုပ်ဆောင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အခု အားလုံးသဘောတူထားတဲ့ အချက် ၅ ချက်နဲ့ ဆိုင်တဲ့ကိစ္စတွေကို အတိအလင်း အကောင်အထည် မဖော်နိုင်ရင် YB Subang ချပြတာကို စိတ်ဝင်စားနိုင်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ဝေါင်ချန်-Wong Chen (PH-Subang)၏ မေးခွန်းကို အမေးအဖြေ အစီအစဉ်တွင် ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

အချက် ၅ ချက်ပါ သဘောတူညီချက်သည် နိုင်ငံရေး အစိတ်အပိုင်းအားလုံး ငြိမ်းချမ်းစွာအဖြေရှာရန် ဆွေးနွေးခွင့် ပြုထား သဖြင့် မလေးရှားဖက်ဒရယ်အစိုးရအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံနှင့် သီးသန့်ဆွေးနွေးပွဲများ စတင် ရန် ဆန္ဒရှိသလားဟု Wong Chen က မေးမြန်းခဲ့ခြင်း ဖြစ်သည်။


အာဆီယံသဘောတူညီချက်များအပေါ် နေပြည်တော်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း အာဆီယံအထူးသံတမန်ထံမှ မလေးရှားက ကြားသိရကြောင်း စိုင်ဖက်ဒင် (Saifuddin) က ပြောကြားခဲ့သည်။

ပုံ- အာဆီယံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး တက်ရောက်ခဲ့စဉ်။

“အဲဒါကြောင့် လုပ်ငန်းစဉ်တိုးတက်မှုမရှိဘူးဆိုရင် အခုအောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ (မြန်မာနိုင်ငံရဲ့) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌ တက်ရောက်ဖို့ အခက်အခဲရှိပါ လိမ့်မယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် တာဝန်ပေးထားသည့် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် နစကတို့သည် လပေါင်း အတန်ကြာအောင် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသော အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ၎င်း အထူးသံတမန်၏ အခန်းကဏ္ဍကို သဘောတူညီမှု ရှိခဲ့ကြသည်။ ထိုအချိန်တွင် အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံ အကျပ်အတည်းအတွက် အဖြေရှာရန် တညီတညွတ်တည်း သဘောတူလက်ခံခဲ့ကြသည်။

ပြည်သူတို့ အကျိုးစီးပွားအတွက် သက်ဆိုင်သူများအားလုံးအကြား ငြိမ်းချမ်းစွာ အဖြေရှာရန်၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု များ ချက်ချင်း ရပ်တန့်ရန်၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု စတင်ရန်၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် အာဆီယံဥက္ကဋ္ဌမှ စေလွှတ်သော အထူးသံတမန်ခန့်အပ်ရန် စသည့်အချက်များကို အာဆီယံအနေဖြင့် သဘောတူညီခဲ့ကြသည်။

အခြား ဆက်စပ်သော ကိစ္စရပ်တစ်ခုအနေဖြင့် မလေးရှားနိုင်ငံတွင် လက်ရှိ ဘင်္ဂါလီ(မူရင်း-ရို)ဒုက္ခသည် ၂ သိန်းရောက် ရှိနေ ကြောင်း၊ ထိုအရေအတွက်မှာ အရှေ့တောင်အာရှတွင် အများဆုံးဖြစ်ကြောင်း စိုင်ဖူဒင်က ဒီဝမ်ရာကျက်ကို ပြောကြားခဲ့သည်။