ဘေရွတ် အောက်တိုဘာ ၆

လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီက ၎င်းမိသားစု၏စည်းစိမ်ဥစ္စာသည် တရားဝင်ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းသက် လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီသည် ၎င်းပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ယခင်ကလည်း စာရင်းစစ်ခံယူခဲ့ ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းများကို ထည့်သွင်းဖော်ပြထားသည့် ကမ်းလွန်အရောင်းအဝယ်ဆိုင်ရာ ပေါက်ကြားမှု စာရွက် စာတမ်းကို စုစည်းဖော်ပြလေ့ရှိသော Pandora Papers တွင် လက်ဘနွန်သတင်း အဖွဲ့အစည်း တစ်ခုဖြစ်သော ဒါရက်ဂျ် (Daraj)က လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီ၏ ပိုင်ဆိုင်မှုများကို ဖွင့်ချခဲ့သည်။

လက်ဘနွန်ဝန်ကြီးချုပ်သည် ပနားမား ကမ်းလွန်ဒေသတွင် ဟက်စ်ဗီလီ (Hessvile) အမည်ရှိ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်သည့် အပြင် ယူရိုငွေ ၇ သန်း (ဒေါ်လာ ၈ ဒသမ ၁ သန်း) တန်ဖိုးရှိ အိမ်နှင့်ခြံကိုလည်း မိုနာကိုနိုင်ငံ၌ ဝယ်ယူခဲ့သေးကြောင်း ဒါရက်ဂျ်အဖွဲ့က ဖွင့်ချခဲ့ခြင်းဖြစ်သည်။

လက်ဘနွန်ဝန်ကြီးချုပ်၏ သားဖြစ်သူ မာဟာ(Haher) သည် ဗြိတိသျှ ဗားဂျင်းကျွန်းအခြေစိုက်ကုမ္ပဏီ အနည်းဆုံးနှစ်ခုတွင် ဒါရိုက်တာအဖွဲ့ဝင် ဖြစ်နေသည်။
အောက်တိုဘာ ၅ ရက်တွင် လက်ဘနွန်ဝန်ကြီးချုပ် မီကာတီက ၎င်း၏ပိုင်ဆိုင်မှုများသည် တရားဝင်ရပ်တည်နေသော စီးပွားရေး လုပ်ငန်းများကနေ ရရှိခြင်းသာဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။

ပုံ- M1 ဆက်သွယ်ရေးကုမ္ပဏီအရောင်းပြခန်းကိုတွေ့ရစဉ်(Reuters)

၂၀၀၅ ခုနှစ် လန်ဒန်မြို့၌ ၎င်း၏ ဆက်သွယ်ရေး လုပ်ငန်းကို စာရင်းသွင်းသည့်အခါ မီကာတီမိသားစု၏ ချမ်းသာမှုသည် စာရင်းစစ်ခံယူပြီး ဖြစ်ကြောင်း၊ အဆိုပါစာရင်းကို တောင်အာဖရိကမှ MTN နှင့်နောက်ပိုင်းတွင် ပေါင်းစပ်လိုက်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။

မီကာတီသည် ၎င်း၏နိုင်ငံရေးလုပ်သက် စတင်ချိန်ကတည်းက စည်းစိမ်ဥစ္စာနှင့်ပိုင်ဆိုင်မှုများကို လက်ဘနွန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသိပေးထုတ်ဖော်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“ဥစ္စာဓနဆိုတာ အများအကျိုးစီးပွားနဲ့ဆင်းရဲမွဲတေမှု အသုံးစရိတ်တွေအတွက် စုဆောင်းစရာမလိုဘူး” ဟု ၎င်း၏ ကြေညာ ချက်တွင် မီကာတီက ပြောကြားထားသည်။

ကမ်းလွန်ကုမ္ပဏီများထံမှ ရရှိသော ဘဏ္ဍာရေး အချက်အလက်များသည် တရားမဝင်ကြောင်း၊ မိမိအမှားကျူးလွန်ခြင်းရှိ/မရှိ သက်သေမပြနိုင်ကြောင်း မာကာတီက တုံ့ပြန်သည်။

သို့သော် ထိုအစီအစဉ်များသည် အခွန်ကောက်ခံသူများ (သို့မဟုတ်) အခြားအာဏာပိုင်များထံ ငွေလွှဲပို့မှုများကို ဖုံးကွယ်ရန် ရည်ရွယ်ကြောင်း ဒါရက်ဂျ်သတင်းအဖွဲ့က ထောက်ပြထားသည်။

 

ပုံ- တယ်လီနောမြန်မာ အရောင်းပြခန်းကိုတွေ့ရစဉ်

ဒါရက်ဂျ်သတင်းအဖွဲ့၏ အစီရင်ခံစာထဲတွင် လက်ဘနွန်ဆိပ်ကမ်းကို အသုံးပြုခဲ့သော လက်ဘွန်ပြည်တွင်း ထိပ်တန်း နိုင်ငံ ရေး ပုဂ္ဂိုလ်များနှင့် ဘဏ်လုပ်ငန်းရှင်များအကြောင်း အခိုင်အမာ ဖွင့်ချထားခြင်းဖြစ်သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

ယခု ပိုင်ဆိုင်မှု အခြေအနေ ဖြေရှင်းနေရသော လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီသည် မြန်မာနိုင်ငံက ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် တယ်လီနောမြန်မာကို ဝယ်ယူခဲ့သူဖြစ်သည်။ တယ်လီနောမြန်မာသည် အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် လက်ဘနွန်နိုင်ငံအခြေစိုက် M1 ဆက်သွယ်ရေးကုမ္ပဏီကြီးသို့ ရောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါ M1 လုပ်ငန်းစုသည် လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီနှင့် ညီအကိုများ ပိုင်ဆိုင်သော လုပ်ငန်းဖြစ်ပြီး မိုဘိုင်းလ် နှင့် ဂြိုလ်တုဆက်သွယ်ရေးစနစ်များ တီထွင်ထုတ်လုပ်သော ဆက်သွယ်ရေးနည်းပညာကုမ္ပဏီဖြစ်သည်။