တိုင်ပေ၊ အောက်တိုဘာ ၆
တရုတ်နှင့် လက်ရှိ စစ်ရေးတင်းမာမှုသည် ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးဖြစ်လာကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ထိုင်ဝမ်ကျွန်း၏ လေကြောင်း ကာကွယ်ရေးဇုန်ထဲသို့ တရုတ်လေယာဉ်များ ဝင်ရောက်ပျံသန်းခဲ့မှု အကြိမ်အရေအတွက် မှတ်တမ်းများ ထွက်ပေါ်ခဲ့ပြီး ရက်ပိုင်းအတွင်း ၎င်းက ယင်းကဲ့သို့ ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း Channel News Asia ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
တိုင်ပေ(ထိုင်ဝမ်)နှင့် ဘေဂျင်း(တရုတ်)တို့ကြား တင်းမာမှုသည် ယခုတဖန် အသစ်ဖြစ်လာခဲ့ပြီး ဒီမိုကရေစီစံနှုန်းဖြင့် အုပ်ချုပ် နေသောကျွန်းကို တရုတ်က ၎င်း၏ပိုင်နက်အဖြစ် အတိအလင်းဆိုနေပြီး တရုတ်စစ်လေယာဉ်များ ထိုင်ဝမ်လေကြောင်း ကာကွယ်ရေး သတ်မှတ်ထားသည့်ဇုန်ကိုဖြတ်သန်း၍ အကြိမ်ပေါင်းများစွာ ပျံသန်းပြနေခဲ့သည်။
အောက်တိုဘာ ၁ ရက် နှောင်းပိုင်းမှစတင်၍ ၄ ရက်ကျော် ကာလအထိ တရုတ်လေတပ်မှ လေယာဉ်အစင်း ၁၅၀ နီးပါးအထိ မိမိတို့ လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ ပျံသန်းဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်က သတင်းထုတ်ပြန်ခဲ့သည်။ ယင်း လုပ်ရပ်များသည် ထိုင်ဝမ်ကျွန်းကို ဘေဂျင်းမှ အနှောင့်အယှက်ပေးနေသည့် အသွင်သဏ္ဌာန်၏ အစိတ်အပိုင်းဖြစ်ကြောင်း ထိုင်ဝမ်က ပြောသည်။
ထိုင်ဝမ်လွှတ်တော်တွင် တရုတ်နှင့် လက်ရှိစစ်ရေးတင်းမာမှုများကို လွှတ်တော်အမတ်တစ်ဦးက မေးမြန်းရာ ကာကွယ်ရေး ဝန်ကြီး ချူကောင်ချမ်းက “မိမိ စစ်တပ်ထဲရောက်ပြီး နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံး အခြေအနေသို့ ဆိုက်ရောက်လာခြင်း ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။
ထိရှလွယ်သော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလာတော့မည့် မီးပွားတစ်စ ဖြစ်နိုင်လာခြေရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ပုံ-ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ်(AFP)
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကောင်ချမ်းက ၎င်းသည် လတ်တလော အနေအထားတွင် ဒုံးကျည်များ၊ စစ်သင်္ဘောများ အပါအဝင် ပြည်တွင်းသုံး လက်နက်များအတွက် စစ်အသုံးစရိတ်ကို အထူးပြန်လည်သုံးသပ်နေပြီဟု ဆက်လက်ဖြေကြားခဲ့ သည်။
လိုအပ်လျှင် ထိုင်ဝမ်အပေါ် အင်အားသုံးသင့်ကြောင်း တရုတ်က ပြောကြားထားသည်။ ထိုင်ဝမ်နိုင်ငံကမူ ၎င်းသည် လွတ်လပ် သော နိုင်ငံဖြစ်ပြီး ယခုတင်းမာမှုများအတွက် တရုတ်ကို အပြစ်တင်ခဲ့ပြီး ၎င်းတို့၏ လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီကို ကာကွယ် သွားမည်ဟု ဆိုထားသည်။
တရုတ်သည် ထိုင်ဝမ်ကို ကျူးကျော်နိုင်စွမ်းရှိနေပြီး ၂၀၂၅ ခုနှစ်အရောက်တွင် အပြည့်အဝကျူးကျော်နိုင်ရေး လုပ်ဆောင်လာ နိုင်သည်ဟု ကာကွယ်ရေးဝန်ကြီး ချူကောင်ချမ်းက မှတ်ချက်ချသည်။
“၂၀၂၅ ခုနှစ်အရောက်မှာ တရုတ်က ကုန်ကျစရိတ်နဲ့ တန်ကြေးကို အနိမ့်ဆုံးဖြစ်အောင် လုပ်လိမ့်မယ်။ အခုလည်း အဲဒီလို လုပ်နိုင်စွမ်းလည်း ရှိနေပေမယ့် စစ်တပ်တစ်ခုကို အလွယ်တကူစမှာတော့ မဟုတ်ဘူး။ တခြားကိစ္စတွေကိုလည်း အများကြီး ထည့်စဉ်းစားဖို့ လိုဦးမှာပါ” ဟု ချူကောင်ချမ်းက ပြောသည်။
ထိုင်ဝမ်ကို အဓိကစစ်ရေး ထောက်ပံ့နေသူ အမေရိကန်သည် ထိုင်ဝမ်အပေါ် ၎င်း၏ ကတိကဝတ်ကို အခိုင်အမာ အတည်ပြုခဲ့ ပြီး တရုတ်ကိုလည်း ဝေဖန်နေခဲ့သည်။ လက်ရှိတင်းမာမှု တိုးပွားလာသော အနေအထား၌ ထိုင်ဝမ်ရေလက်ကြားသို့ လက်နက် ရောင်းချပေးသည့် အမေရိကန်မူဝါဒများကို တရုတ်ကလည်း အပြစ်တင်နေခဲ့သည်။
လာမည့်ငါးနှစ်အတွင်း ထိုင်ဝမ်၏ အထူးစစ်အသုံးစရိတ်ထဲတွင် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်ကဲ့သို့ သင်္ဘောဖျက် နိုင်စွမ်း ရှိသည့် လက်နက်များ အပါအဝင် ရေတပ်အင်အားဘက်သို့ အများဆုံး သုံးစွဲသွားမည်ဖြစ်သည်။
အောက်တိုဘာ ၅ ရက်ကလည်း တရုတ်လေတပ်မှ လေယာဉ်တစ်စင်းသည် ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ ဝင်ရောက်ခဲ့သေးသည်။