၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆
ဒီမိုကရေစီရရှိရေး တိုက်ပွဲတွင် ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)များ နာမည်အမျိုးမျိုးကွဲနေသော်လည်း မြေပြင် တိုက်ပွဲများ၌ ပူးပေါင်းလုပ်ဆောင်သည်ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ ပြန်ကြားရေး တာဝန်ခံ ခူရယ် (အမည်လွဲ)က ပြောသည်။
ခူရယ်(အမည်လွဲ)က “ပေါင်းစည်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အာဏာရှင်ကို တိုက်မှာ အတူတူဖြစ်တဲ့ အတွက် မိခင်အဖွဲ့အစည်းတွေ လက်အောက်မှာ ကျနော်တို့ သွားရမယ်။ ဒါမှလည်း ကျနော်တို့ စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေး အောင်မြင်နိုင်မှာပါ။ ကျနော်တို့ မြေပြင်အခြေအနေမှာက လက်ရှိ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ တိုက်ပွဲတိုင်း အတူတကွပူးပေါင်းပြီး လုပ်ဆောင်နေတယ်။ သွေးကွဲတာတော့ မရှိဘူး။ နာမည်ပဲ ကွဲသွားတဲ့ ကိစ္စတွေပဲ ရှိတာပေါ့။ စစ်ရေး စစ်ရာမှာတော့ အတူတကွ ပူးပေါင်းနေတဲ့ဟာတွေက နေ့စဉ်ရက်စက်ရှိတယ်” ဟု ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ ဥက္ကဋ္ဌ အေဘယ်လ်တွိက ကရင်နီပြည်နယ်တွင် PDF များ နာမည် အမျိုးမျိုး ရှိနေပြီး နာမည်တစ်ခုတည်း ခံယူကာ စည်းလုံးညီညွတ်မှုဖြင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရန် Kantarawaddy Times နှင့် အင်တာဗျုးတစ်ခုတွင် ပြောကြားခဲ့သည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ဒီးမော့ဆို PDF မှ နာမည်အမျိုးမျိုးကွဲနေသော်လည်း လက်ရှိ မြေပြင်အခြေအနေ တိုက်ပွဲတိုင်းတွင် ပူးပေါင်းလုပ်ဆောင်နေကြောင်း ဆိုသည်။
ပုံ- ဒီးမော့ဆိုမြို့နယ်က PDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(DMO PDF-fb)
တပ်မတော်မှ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာရယူပြီးနောက်ပိုင်း ကယားပြည်နယ်၌ တပ်မတော်နှင့် ဒေသကာကွယ်ရေး တပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
KNPP မှ ဥက္ကဋ္ဌ အေဘယ်လ်တွိက “ကရင်နီမှာက PDFတော့ အများကြီးရှိတာပဲ။ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF ၊ မိုးဗြဲ PDF အပြင် ကျနော်တို့က KNDF ဆိုတော့ နာမည်တော့ ဘယ်လိုပဲ ပြောပြော ကရင်နီနယ်မြေထဲမှာ ကရင်နီရဲ့ သားသမီးတွေ ကတော့ နာမည်တစ်ခုတည်းပဲ ခံသင့်တာပေါ့။ ဒါပေမယ့် တိုက်ပွဲက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပြီဆိုတော့ ကျနော်တို့ မပြောဘူး။ ဒါပေမယ့် အဓိက စည်းလုံးညီညွတ်မှုပဲ စည်းလုံးညီညွတ်ပြီးတော့ ကျနော်တို့ စစ်အာဏာရှင် ပြုတ်အောင် တိုက်ဖို့ပဲ။ PDFတွေ တော်လှန်စစ်ပွဲမှာတော့ KA ကရင်နီတပ်မတော်တော့ ပါဝင်တယ်။ ဒါက ကျနော်တို့ရဲ့ သမိုင်းပေး တာဝန်ပဲ” ဟု Kantarawaddy Times နှင့် အင်တာဗျူးတွင် ပြောသည်။
ဒီးမော့ဆို (PDF) မှ ပြန်ကြားရေးတာဝန်ခံ ခူရယ်(အမည်လွဲ)က လက်ရှိ တော်လှန်ရေးနှင့် ပတ်သက်၍ မိမိတို့ တစ်မြို့နယ် တစ်ပြည်နယ်တည်း မဟုတ်ဘဲ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ကြောင်း ပြော သည်။
ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်များဖြစ်ကြသည့် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံမြို့နယ်များမှာ တိုက်ပွဲပြင်းထန်နေပြီး ၎င်းတိုက်ပွဲများကြောင့် လူဦးရေ ၈၂,၅၀၀ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။