ကဘူးလ် အောက်တိုဘာ ၆

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ အာဏာရလာပြီး မကြာမီ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ် တစ်ဦး အပါ အဝင် ဟာဇာရာမျိုးနွယ်စုဝင် ၁၃ ဦးကို တာလီဘန်များက သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amesty International-AI) ၏ အစီရင်ခံသစ်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။

ဩဂုတ် ၃၀ ရက်က တာလီဘန်တပ်ဖွဲ့ဝင် ၃၀၀ စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းသည် ခီဒါခရိုင်အတွင်းသို့ ဝင်ရောက်၍ အာဖဂန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ (ANSF)မှ တပ်ဖွဲ့ဝင် ၁၁ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသတ်ဖြတ်မှုသည် ANSF မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ချပြီးနောက် မကြာမီမှာပဲ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း AI ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အခင်းဖြစ်ပွားစဉ် မာဆူမာအမည်ရှိ ဆယ်ကျော်သက်တစ်ဦးသည် ထွက်ပြေးရန် ကြိုးစားစဉ် တာလီဘန်တို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ အသက် ၂၀ အရွယ်ရှိ အရပ်သားတစ်ဦးဖြစ်သူ ဖာရက်ဇ်သည်လည်း တာလီဘန်တို့လက်ချက်ဖြင့် သေဆုံးရ သူ စာရင်းထဲမှာ ပါဝင်ခဲ့သည်။

“အဲဒီဖြစ်စဉ်မှာ အသတ်ခံရတဲ့ ANSF တပ်ဖွဲ့ဝင်တွေဟာ အသက် ၂၆ နှစ် ကနေ ၄၆ နှစ် ကြားရှိကြလိမ့်မယ်” ဟု AI အစီရင်ခံ စာထဲတွင် ဆိုထားသည်။ ယခင် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း တာလီဘန် ပထမခေတ်ကလည်း ညှင်းပန်း သတ်ဖြတ်ခံ ရသူ အများစုမှာ ဟာဇာရာ မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။

 

AI က မှတ်တမ်းတင်ထားသော ဟာဇာရာမျိုးနွယ်စုအပေါ် သတ်ဖြတ်မှု မှတ်တမ်းအရ ယခုသတ်ဖြတ်မှုသည် ဒုတိယမြောက် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လက ဂါဇနီပြည်နယ်တွင် တာလီဘန်တပ်သားများ လက်ချက်ကြောင့် ဟာဇာရာ မျိုးနွယ်စုမှ အမျိုးသားအနည်းဆုံး ၉ ဦး သေဆုံးခဲ့ကြောင်း ဩဂုတ် ၁၉ ရက်စွဲဖြင့် AI က သတင်းထုတ်ပြန်ပြီး ဖြစ်သည်။

တာလီဘန်များနှင့် ပြိုင်ဘက်ဖြစ်သည့် အစ္စလာမ္မစ်နိုင်ငံ ခိုရာဇန်ပြည်နယ်(ISKP_ ISIS-K) အဖွဲ့တို့သည် ISIL လက်အောက်ခံ ရှီးယိုက်အများစုဖြစ်သည့် ဟာဇာရာလူမျိုးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။

စက်တင်ဘာ ၁ ရက် မတိုင်ခင်တုန်းကတော့ တာလီဘန်များက ယခုသတ်ဖြတ်မှုများကို ငြင်းဆိုထားခဲ့သည်။

“ဒီလို သွေးအေးအေးနဲ့ သတ်ဖြတ်မှုတွေမှာ တာလီဘန်တွေဟာ သူတို့အရင်တုန်းက အာဖဂန်ကို အုပ်ချုပ်တုန်းက နာမည် ဆိုးနဲ့ ထပ်တူဖြစ်အောင် ကြောက်စရာကောင်းတဲ့ ကျူးလွန်မှုတွေ ထပ်လုပ်နေပြီဆိုတာ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) အထွေထွေအတွင်းရေးမှူး အက်ဂနက်ကော်လာမက်က ပြောသည်။

Source: Aljazeera