၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၄
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က ပြန်လည် ဖိတ်ခေါ်လျက်ရှိသည်။
အဆိုပါ ဖိတ်ခေါ်မှုမှာ ပြည်တွင်းနိုင်ငံရေးနှင့် သက်ဆိုင်ပြီး ယင်းအပေါ် ယုံကြည်မှု မရှိပါက ပြန်လာမည်မဟုတ်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။
၎င်းက “အဲတာကတော့ ပြည်တွင်းနိုင်ငံရေးနဲ့ သက်ဆိုင်ပြီးတော့ သူတို့ရဲ့ ယုံကြည်မှုနဲ့ သက်ဆိုင်ပါလိမ့်မယ်။ သူတို့ရဲ့ ယုံကြည်မှုက ယုံကြည်မှုရှိရင် ပြန်လာမှာပေါ့။ သူတို့အနေနဲ့ ပြည်တွင်းနိုင်ငံရေးအပေါ် ယုံကြည်မှုမရှိရင် ပြန်လာမှာ မဟုတ် ပါဘူး”ဟု ပြောသည်။
မိမိတို့ ဗမာပြည်ကွန်မြူနစ်ပါတီ(CPB) ခေတ်တွင် ယခုကဲ့သို့ ပြန်လည်ခေါ်ယူမှု မရှိဘဲ သူသေကိုယ်သေ တိုက်ခိုက်ကြသည် ဟု ဦးမောင်မောင်စိုးက ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ ကြောင့် အချို့သော ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့ နိုင်ငံသားများသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAO)တည်ရှိရာ နေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တက္ကသိုလ်မှ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် ပါမောက္ခတစ်ဦးက “သူတို့က ခဏခဏခေါ်နေတယ်။ ငါတို့က အာဏာရှင်မှ မကြိုက်တာကို။ အာဏာရှင်စနစ်မှ မကြိုက်တာ။ အာဏာရှင်စနစ်က နေခဲ့ပြီးပြီလေ။ နှစ်ပေါင်းမြောက်များစွာ။ မကောင်းမှန်းသိနေပြီလေ” ဟု ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(မူရင်းပြောစကား- စစ်ကောင်စီ)က မကြာခဏ ပြန်ခေါ်နေသော်လည်း ထိုကိစ္စကို စိတ်ကူးထဲတွင် မရှိတော့သလို လက်ရှိ မိမိတို့ နေထိုင်ရာတွင် အခြေကျစပြုနေပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခုကာလအတွင်း လူသတ်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အဦများနှင့် ပုဂ္ဂလိက ပိုင် အဆောက်အဦများအား ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နစက အနေဖြင့် သက်ညှာစွာ ဖြေလျော့ ဆောင်ရွက်မည်ဟု ဆိုသည်။
ထို့အတွက်ကြောင့် မြန်မာနိုင်ငံရှိ မိမိတို့၏ နေရပ်များကို ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့မှုများနှင့် အညီ ပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊မြို့နယ်၊ ခရိုင်နှင့် ပြည်ပရောက်နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ရန် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ထံ ဆက်သွယ်လာသူများရှိရာ ထိုလူပုဂ္ဂိုလ် များကို အမှုများ ပြန်လည်ရုပ်သိမ်းပေးထားသည်များလည်းရှိကြောင်း သိရသည်။