၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၄

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)များ အနေဖြင့် ကရင်အမျိုးသားအစည်း အရုံး(KNU)၏ မူဝါဒသဘောထားများကို ဆန့်ကျင်သော အကြမ်းဖက်လှုပ်ရှားဆောင်ရွက်ခြင်းများ မပြုလုပ်ရန် KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက ပြောသည်။

ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက ယခုလက်ရှိကာလ၌ လူကြီးမင်းများတို့၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကျွနှ်ပ်တို့၏ KNU လှုပ်ရှားဒေသအတွင်းတွင် KNU ၏ မူဝါဒသဘောထားရပ်တည်ချက် နှင့် ဆန့်ကျင်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ထင်ရာမြင်ရာ လုပ်ဆောင်လာနေသည်ကို တွေ့မြင်နေရပါသည်ဟု PDF တာဝန်ခံနှင့် NUG သို့ လိပ်မူ၍ ယနေ့ (အောက်တိုဘာ ၄ ရက်)တွင် ထုတ်ပြန်ပြောကြားသည်။

ဤသို့ အကြမ်းဖက် ဆောင်ရွက်ခြင်းများကြောင့် အပြစ်မဲ့ ပြည်သူဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်စေသည်၊ ကျွနှ်ပ်တို့ အနေဖြင့် KNU ဒေသတွင်း၌ မည်သည့် အဖွဲ့အစည်းမှ KNU ၏ မူဝါဒသဘောထားနှင့် ဆန့်ကျင်သော အကြမ်းဖက် လှုပ်ရှား ဆောင် ရွက်ခြင်းများ မပြုလုပ်ရန် အသိပေး အကြောင်းကြားအပ်ပါသည်ဟုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက “ပြောင်ပြောင်တင်းတင်းဆိုလို့ ငါ့အိပ်ယာဘေးမှာပဲ ဗုံးလာခွဲတယ်ဆိုတော့ ပြောင်သေးသလားကွယ်။ ငါအိပ်တဲ့နေရာဘေးမှာ ဗုံးဖောက်တယ် ဆိုကတည်းကိုက ဒို့ကို မထီမဲ့မြင် ဘာမှ အရေးမစိုက်၊ ဂရုမစိုက်တဲ့ သဘောဖြစ်သွားပြီ”ဟု CNI သတင်းဌာနသို့ ပြောသည်။

KNU သည် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီးနောက် တပ်မတော်ကိုဆန့်ကျင်၍ ထွက်ပြေး တိမ်းရှောင်နေကြရသူများကို လူသားချင်းစာနာထောက်ထားမှုအရ အကာအကွယ်ပေးထားသည်။

 

ထို့နောက် KNU တွင် တပ်မဟာ ၇ ခုရှိရာမှ တချို့သော တပ်မဟာဒေသများတွင် PDF အဖွဲ့ဝင်များကို စစ်သင်တန်းများ ပေးလျက်ရှိသည်။ သို့သော် PDF များသည် KNU ၏ မူဝါဒသဘောထားများကို ဆန့်ကျင်၍ KNU ထိန်းချုပ်နယ်မြေ အတွင်း မှာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခြင်းနှင့် တိုက်ခိုက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကြောင့် ယခုသဘောထားကို ထုတ် ပြောလာခြင်းဖြစ်နိုင်သည်ဟု စစ်ရေးအကဲခတ်များက ဆိုကြသည်။