CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၅


မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး နည်းလမ်းရှာ ကြားဝင်စေ့စပ်ညှိနှိုင်းမှုများ လုပ်ပေးနိုင်ရေး အာဆီယံ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမှုရင်ဆိုင်နေရဆဲသူများ နှင့် တွေ့ဆုံရေး စီစဉ်ပေးရန် ကန့်သတ်ချက်ရှိနိုင်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က ပြော သည်။


မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အာဆီယံက ကြားဝင်ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ ဆုံ ဆွေးနွေးအဖြေရှာရေး၊ ဖမ်းဆီးခံထားရသူများ ပြန်လွတ်ပေးရေး အပါအဝင် သဘောတူညီချက် ၅ ချက်ကို အာဆီယံ ခေါင်းဆောင်များကြား ၂၀၂၁ ခုနှစ်၊ ဧပြီလက သဘောတူညီထားခဲ့ကြသည်။


ထို့နောက် သြဂုတ်လတွင် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံ၏ ဒုတိယ နိုင်ငံ ခြားရေးဝန်ကြီး(၂)ဖြစ်သူ Mr.Dato Erywan Pehin Yusof ကို နစက သဘောတူညီချက်ဖြင့် ခန့်အပ်နိုင်ခဲ့သည်။

ပုံ-အောက်တိုဘာ ၄ ရက်က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတက်ရောက်ခဲ့သည့် ဦးဝဏ္ဏမောင်လွင်ကိုတွေ့ရစဉ်(နိုင်ငံခြားရေး၀န်ကြီးဌာန ဖေ့စ်ဘွတ်ခ်ပေ့စ်)

အဆိုပါ အာဆီယံအထူးကိုယ်စားလှယ် Mr. Yusof မြန်မာနိုင်ငံသို့ လာရောက်နိုင်ရေးနှင့် တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသော တွေ့သင့် တွေ့ထိုက်သည့် လူပုဂ္ဂိုလ်များကို တွေ့ခွင့်ပြုရန် တောင်းဆိုမှု အပေါ် နစကနှင့် ညှိနှိုင်းလျက်ရှိနေသည်။


နစက သတင်းထုတ်ပြန်ရေးအဖွဲ့က “အာဆီယံ အထူးကိုယ်စားလှယ် လာရောက်ရေးနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေး နေဆဲဖြစ်ပါသည်။ တရားဥပဒေအရ အမှုရင်ဆိုင် နေရဆဲသူများနှင့် တွေ့ဆုံရေး စီစဉ်ပေးရန် ကန့်သတ်ချက်ရှိနိုင်ပါသည်” ဟု ဆိုသည်။


လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် တို့သည် အဂတိလိုက်စားမှု အပါအဝင် အမှု ၅ မှုကို တရားရင်ဆိုင်နေရသည်။


အောက်တိုဘာ ၄ ရက်နေ့က ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း ကောင်စီ အစည်းအဝေး၊ (၃၀)ကြိမ်မြောက် အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကောင်စီအစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးတွင် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ အာဆီ ယံ ခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် အခြေအနေနှင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ နှစ်ဖက် ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


အာဆီယံအထူးကိုယ်စားလှယ်သည် လက်ရှိအချိန်ထိ မြန်မာနိုင်ငံသို့ လာရောက်နိုင်ခြင်းမရှိသေးဘဲ မြန်မာနိုင်ငံသို့ လာရောက်နိုင်ရေး နစက တာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲဖြစ်သလို သက်ဆိုင်ရာ အားလုံးဖြင့် တွေ့ဆုံ ဆွေးနွေးနိုင် ရေး တောင်းဆိုမှု အခြေအနေမှာလည်း သဘောတူညီမှု ရယူနိုင်သေးခြင်းမရှိကြောင်း သိရသည်။