ဆိုးလ်၊အောက်တိုဘာ ၅

တောင် နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော်သည့် အရေးပေါ်တယ်လီဖုန်း (hotline) ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး နှစ်ဘက်အစိုးရတာဝန်ရှိသူအချင်းချင်း ဩဂုတ်လနောက်ပိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ဖုန်းခေါ်ဆိုခဲ့ကြကြောင်း ဆိုးလ်က ထုတ်ဖော်ပြောကြားသည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားထားသည်။

ပြုံယမ်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်းက ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ နိုင်ငံတကာစိုးရိမ်မှုများ ပေါ်ပေါက်လာကာ နောက်ရက်အနည်းငယ်အကြာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ရသည်။

ကိုရီးယားနှစ်နိုင်ငံမှ တာဝန်ရှိသူများသည် ဩဂုတ်လကတည်းက အပြန်အလှန်ဖုန်းခေါ်ဆိုမှု စတင်နိုင်ခဲ့ကြောင်း ဆိုးလ်ဘက်မှ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

“တောင်နဲ့မြောက် ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်တည်ဆောက်ခြင်းနှင့်အတူ တောင်နှင့်မြောက် ဆက်ဆံမှု ပြန်လည်ထူထောင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခု ထောက်ကူပေးလိုက်ခြင်းပဲဖြစ်ကြောင်း” ၎င်းဝန်ကြီးဌာနထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“အစိုးရချင်းအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မြန်မြန်ပြန်စနိုင်ဖို့နဲ့ ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ထူထောင်ဖို့ လက်တွေ့ကျတဲ့ ညှိနှိုင်းခြင်းတွေ စတင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟုလည်း ၎င်း ထုတ်ပြန်ချက်ထဲတွင် ထပ်လောင်းဖော်ပြထားသည်။

အောက်တိုဘာ ၄ ရက်(တနင်္လာနေ့)အစောပိုင်းက နှစ်နိုင်ငံဖုန်းလိုင်းများ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ပြန်လည်ရရှိမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာက ကြေညာခဲ့သည်။

မြောက်ကိုရီးယားမီဒီယာ KCNA က ထုတ်လွှင့်ကြေညာရာတွင် “ကင်မ်ဂျုံအန်းသည် မိမိတို့ ကိုရီးယားကျွန်းဆွယ် တွင် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရန် ရည်ရွယ်လျက် ဖြတ်တောက်ထားသော တောင်နှင့်မြောက် ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း” ဆိုထားသည်။

ကိုရီးယားနှစ်နိုင်ငံအကြား ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာထောက်ခံကြောင်း ဝါရှင်တန်မှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်ရေးရာ တရုတ်အထူးကိုယ်စားလှယ် လျောင်ရှောင်မင်းက “ယခုဖြစ်စဉ်သည် ဆက်ဆံရေးပြန်လည်ထူထောင်ရန် ထူးခြားသည့်တိုးတက်မှု” ဟု မှတ်ချက်ချခဲ့သည်။