၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၅
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဟောင်းများ၏ နိုင်ငံရေးထောက်ပံ့ပင်စင် ထုတ်ယူခွင့်ပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ထံသို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက အောက်တိုဘာ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။
နိုင်ငံတော်မှ နိုင်ငံရေးပင်စင်ထောက်ပံ့ငွေကို ၂၀၂၁ ခုနှစ် ဧပြီလကုန်၊ မေလအတွင်း ထုတ်ပေးရမည် ဖြစ်သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ယနေ့အထိ မထုတ်ပေးနိုင်ဘဲ(၅)လကျော်လွန်လာပြီ ဖြစ်သည်ဟု အဆိုပါ တောင်းဆိုချက်တွင် ဖော်ပြထားသည်။
ယင်းအပေါ်ဘူးသီးတောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက လက်ရှိ တိုင်းပြည်၏ အခြေအနေကြောင့် နစကမှာလည်း အခက်အခဲများရှိနေသည့် အတွက်ကြောင့် ကြန့်ကြာနေသည်ဟု ယူဆ ကြောင်း ပြောဆိုသည်။
“ဒါက ကျနော်တို့ရတဲ့ အခွင့်အရေးလေ။ အရင်တုန်းက လွှတ်တော်ကိုယ်စားတွေလည်း ရခဲ့တယ်။ ကျနော်တို့ကို လည်းပေးဖို့ ဆိုပြီးမှ အစီအစဉ်တွေရှိတယ်။ ကျနော်တို့ဖက်က အကုန်လုံးပြီးပြီ။ လွှတ်တော်ဘက်ကလည်း ပို့လိုက်ပြီးပြီ။ အစိုးရမှာ လောလောဆယ် အကျပ်အတည်းဖြစ်နေတဲ့ကာလမို့ မပေးတာဖြစ်နိုင်တယ်။ဒါကြောင့် မြန်မြန်ဆန်ဆန်လေးဖြစ်အောင်ဆိုပြီးမှ ပြောပေးလိုက်တဲ့သဘောပါ” ဟု ဦးအောင်သောင်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
မိမိ တစ်ဦးတစ်ယောက်အတွက် တောင်းဆိုခြင်းမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်များအတွက် တောင်းဆိုခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မအူပင်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက“ဒါက ရပိုင်ခွင့်ကို တောင်းတာပါ။ ပေးနိုင်တာ မပေးနိုင်တာ နစက ဥက္ကဌရဲ့ သူ့အပိုင်းပေါ့။ ပြဌာန်းထားတဲ့ ဥပဒေရှိပြီးသားလေ။ နိုင်ငံရေးသမားဖြစ်တဲ့အတွက် နိုင်ငံရေးသမားမှာ သုံးမျိုး သုံးစားလောက်ရှိတယ်။ တချို့ကလည်း စီးပွားရေးအဆင်ပြေတယ်။ တချို့ကလည်း လုပ်ငန်းရှင်တွေ ပါတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်ထဲမှာ၊ တချို့ကြတော့လည်း တကယ်ကို struggle လုပ်ပြီးတော့ အများအတွက်လုပ်တဲ့ နိုင်ငံရေးသမားလေးတွေ ရှိတာပေါ့။ အဲတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပေးမယ်ဆိုရင်လည်း ဒီလိုအချိန်လေးမှာ ပေးတာအကျိုးရှိတာပေါ့” ဟု CNI သို့ ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်အများစုသည် နိုင်ငံရေးသမားများဖြစ်၍ မည်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ခြင်း မရှိသည့်အတွက် မိသားစုစားဝတ်နေရေး အခက်အခဲနှင့် အကျပ်အတည်းကို သိသိသာသာ ရင်ဆိုင်နေရ ပြီး နိုင်ငံရေးထောက်ပံ့ပင်စင်ငွေရရှိလိုသော ဆန္ဒပြင်းပြလျက်ရှိသည်ဟု အဆိုပါ တောင်းဆိုချက်တွင် ဖော်ပြထား သည်။
ထို့အတွက်ကြောင့် နစကအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေသည်ဖြစ်၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၏ နိုင်ငံရေးပင်စင်အား ထောက်ပံ့ထုတ်ပေးမည်ဆိုပါက ယခုအချိန်အခါ အခြေအနေတွင် ထုတ်ပေးသင့်ပြီး ထောက်ပံ့ပေးရန်လည်း တောင်းဆိုထားသည်။
နိုင်ငံရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ရန် တောင်းဆိုသည့်ပါတီများမှာ ရခိုင်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဟောင်း အများစုပါဝင်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD)မှ ကိုယ်စားလှယ်ဟောင်းများပါဝင်သည်ဟု ဦးအောင်သောင်းရွှေ က ပြောသည်။
နိုင်ငံတော်မှ နိုင်ငံရေးပင်စင်ထောက်ပံ့ငွေကို တစ်နှစ်လျှင်(၁၀)သိန်းဖြင့် ငါးနှစ်အတွက် သိန်း(၅၀)ကို တစ်လုံး တစ်ခဲတည်း ပေးဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။