အာဒစ်အဘာဘာ အောက်တိုဘာ ၅

လက်ရှိအီသီယိုးပီးယားဝန်ကြီးချုပ် အေဘီအာမက်သည် တီဂရေးမြောက်ပိုင်းဒေသတွင် လအတန်ကြာ ပဋိပက္ခများအပါအဝင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရင်းကြားက ၎င်း၏အစိုးရသစ် နောက်ထပ် ၅ နှစ်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အေဘီအာမက်သည် အီသီယိုးပီးယားတရားရုံးချုပ်မှ တရားသူကြီးချုပ် မီယာဇာအရှန်နဖီ၏ စီစဉ်ပေးသည့် ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အောက်တိုဘာ ၄ ရက်က တက်ရောက်ခဲ့သည်။ ၎င်းနှင့်အတူ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့လည်း အသီးသီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။

“ကျွန်ုပ် အေဘီအာမက်အလီသည် ယနေ့ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခြင်းကို ခံယူပါသည်။ ကျွန်ုပ်ကို ပြည်သူကပေးအပ်သော တာဝန်အား ယုံကြည်ချက်ပြည့်ဝစွာဖြင့် ထမ်းဆောင်ပါမည်ဟု ကတိသစ္စာပြုပါ၏” ဟု ကျိမ်းသစ္စာကျိန်ဆိုပွဲတွင် ၎င်းက ရွတ်ဆိုခဲ့သည်။

အေဘီ၏ သာယာဝပြောရေးပါတီသည် ယခုနှစ်အစောပိုင်းက လွှတ်တော်ရွေးကောက်ပွဲ၌ အနိုင်ရကြောင်း ကြေညာခဲ့ရာ အတိုက်အခံပါတီများက သပိတ်မှောက်ခဲ့ကြသော်လည်း “ယခုရွေးကောက်ပွဲသည် ယခင်ကထက် ပိုမိုကောင်းမွန်လာကြောင်း” ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏မှတ်ချက်ချခြင်း ခံခဲ့ရသည်။

ဇွန်လတွင် အေဘီအာမက်၏ပါတီက လွှတ်တော်အတွက် ၄၃၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၁၀ နေရာ အနိုင်ရရှိခဲ့သည်။ ပြီးခဲ့တဲ့လကလည်း ရွေးကောက်ပွဲနှောင့်နှေးခဲ့ရသော မဲဆန္ဒနယ် ၃ ခုအတွက် နောက်ဆက်တွဲ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခဲ့ပြီး မဲပေးခွင့် မဆုံးရှုံးအောင် စီမံခဲ့သည်။ အီသီယိုးပီးယားအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသော တပ်ဖွဲ့များလှုပ်ရှားနေကြသည့် တီဂရေးမြောက်ပိုင်းဒေသရှိ သာမန်ပြည်သူများမှာမူ မဲပေးခွင့် လုံးဝမရခဲ့ကြပေ။
အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများ နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော အီသီယိုးပီးယားနိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ အေဘီအာမက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ယခုနောက်ထပ်တစ်ကြိမ် ၎င်းအနေဖြင့် မဲဆန္ဒရှင်များနှင့် ထိတွေ့ ခဲ့သည်။

ဝန်ကြီးချုပ်ရာထူးလက်ခံပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်လာခဲ့သူ အေဘီ အာမက်သည် အိမ်နီးချင်းအီရစ်ထရီးယားနိုင်ငံနှင့် ဆက်ဆံရေးပြန်ထူထောင်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ခံခဲ့ရသော်လည်း ပြည်တွင်းနိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်နိုင်ရန် ယနေ့ကာလ၌ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

အီသီယိုးပီးယားနိုင်ငံသားများသည် ယခုအခါ နိုင်ငံ၏လုံခြုံရေးအခြေအနေ ပိုမိုတိုးတက်စေရေး ဦးစားပေး လုပ်ဆောင်လိုကြောင်း အယ်လ်ဂျာဇီးယားသတင်းထောက် ကက်သရင်းဆွိုင်းက အီသီယိုးပီးယား၏အိမ်နီးချင်း ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှ သတင်းပေးပို့ထားသည်။