အစ္စလာမ္မာဘတ်၊ အောက်တိုဘာ ၄

အာဖဂန်နစ္စတန်နိုင်ငံကို လက်ရှိအုပ်ချုပ်နေပြီဖြစ်သည့် တာလီဘန်များအပေါ် အမေရိကန်အစိုးရအနေဖြင့် အနှေးနှင့်အမြန်ဆိုသလို အသိအမှတ်ပြုလက်ခံရလိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခမ်းက ပြောကြားလိုက်သည်ဟု အယ်လ်ဂျာဇီးယားဌာနက ရေးသားဖော်ပြထားသည်။

ပါကစ္စတန်သည် အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေပြီး ကဏ္ဍမျိုးစုံလည်း ထိတွေ့ဆက်ဆံ နေရသောအိမ်နီးချင်းနိုင်ငံဖြစ်သည်။
တူရကီအစိုးရပိုင် TRT World နှင့် ရုပ်သံအင်တာဗျူးပြုလုပ်စဉ် အီမရန်ခမ်းက “တာလီဘန်တို့ ဩဂုတ် ၁၅ ရက်၌ အာဖဂန်သိမ်းပိုက်လိုက်သည့်အခါ အမေရိကန်အထူးတုန်လှုပ်သွားကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

လတ်တလောကာလ၌ အမေရိကန်လူထုသည် အာဖဂန်အရေးနှင့်ပတ်သက်၍ အမှားအယွင်းလုပ်ခဲ့သည့် လက်သည်ကို ရှာဖွေနေကြောင်းနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မျှတမှုမရှိဘဲ လက်ညှိုးထိုးနေကြောင်း အီမရန်ခမ်းက ၎င်းနှင့်သီးသန့်အင်တာဗျူးတွင် ဆက်လက်ပြောကြားခဲ့သည်။

အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များ ပြန်ဆုတ်ရန် ဘိုင်ဒန်၏ဆုံးဖြတ်ချက်ကြောင့် အနောက်အုပ်စုကို ကျောနောက်ခံ ပြုနေသည့် အာဖဂန်အစိုးရ ပြိုလဲသွားရသည်ဟု ဝေဖန်ရေးသမားများကလည်း သုံးသပ်နေကြသည်။

ပြင်းထန်သော ဖိအားများကြားမှ ဘိုင်ဒန်သည် အမေရိကန်၏ကာလအရှည်ဆုံးစစ်ပွဲကို အဆုံးသတ်ရန် ၎င်းတပ် များ အာဖဂန်မြေမှ ဩဂုတ် ၃၁ ရက် နောက်ဆုံးထွက်ခွာကြရန် အမိန့်ပေးခဲ့သည်။

အမေရိကန်တပ်များ ထိုကဲ့သို့ပြန်ဆုတ်ပေးရေးကိစ္စသည် ၂၀၂၀ ပြည့်နှစ် သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်က တာလီဘန်တို့နှင့် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်၏ တစိတ်တပိုင်းဖြစ်သည်။

အဆိုပါသဘောတူညီချက်ကို ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်၌ လက်မှတ်ရေးထိုးခဲ့ကြပြီး အမေရိကန်နှင့် ၎င်း မဟာမိတ်များကို တိုက်ခိုက်ရေးအတွက် အယ်လ်ကိုင်းဒါးကဲ့သို့ အကြမ်း ဖက်အဖွဲ့များ အာဖဂန်မြေကို အသုံးမပြုနိုင်ရန် တာလီဘန်များအား တောင်းဆိုချက် ပါဝင်ခဲ့သည်။

သို့သော် တာလီဘန်များက အာဖဂန်ကို စစ်တပ်အင်အားသုံး၍ သိမ်းပိုက်ခဲ့ခြင်းကြောင့် အမေရိကန်နှင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက တာလီဘန်အစိုးရနှင့် အဆက်အသွယ်ဖြတ်တောက်ကြဖို့ လှုံ့ဆော် ခဲ့ကြသည်။ ဒေါ်လာ ၉ ဘီလီယံကျော်တန်ဖိုးရှိသည့် အာဖဂန်ဗဟိုဘဏ်၏ပိုင်ဆိုင်မှုများကို ငွေဖြစ်လွယ်မှု အကျပ်အတည်းဖြစ်အောင် အမေရိကန်တို့က ဖန်တီးပြီး ထားရစ်ခဲ့ကြသည်။

အမေရိကန်သည် အာဖဂန်နစ္စတန်၏အရန်ငွေကြေးကို မရှင်းလင်းပေးပါက တိုင်းပြည်ဖရိုဖရဲအခြေအနေနှင့် ရင်ဆိုင်ရနိုင်သဖြင့် ဝါရှင်တန်အနေဖြင့် ထိုကိစ္စ အဖြေရှာရန် လိုအပ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ထောက်ပြပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ပါကစ္စတန်သည် စီးပွားရေးအကျပ်အတည်းနှင့် လူသားချင်းစာနာမှု အခက်အခဲများ ၎င်းအပေါ် ဂယက်ရိုက်ခတ်လာမည်ကို အထူးစိုးရိမ်နေသည်။ လက်ရှိအနေအထားတွင် အာဖဂန် ဒုက္ခသည်ပေါင်း ၃ ဒသမ ၅ သန်းကျော်အထိ ပါကစ္စတန်နိုင်ငံက လက်ခံထားရသည်။