လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA)နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ တအောင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားလျက် ရှိသည်။ “နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုပါက ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပြဿနာများကိုသာ ပိုမိုကြီးမားကျယ်ပြန့်လာစေနိုင်ပြီး အောက်ခြေတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ကျေးလက်ပြည်သူ များအား ဆင်းရဲဒုက္ခအမျိုးမျိုးကို ပိုမိုကြုံတွေ့စေ မည်ဖြစ်ပါတယ်” ဟု RCSS က ထုတ်ပြန်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ ကျောက်မဲ၊ သီပေါအတွင်းရှိ RCSS တပ်စခန်းကို SSPPနှင့် TNLA ပူးပေါင်းတပ်တို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုင်သောကြောင့် ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားပြီး ဒေသခံပြည်သူများ ဆင်းရဲဒုက္ခ ခံစားနေရသည်ကို RCSS အနေဖြင့် စိတ်မကောင်း ဖြစ်ရသည်ဟု ထုတ် ပြန်သည်။ ယင်းတိုက်ပွဲများမှာလည်း RCSS အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခများတွင် ခံစစ်အသွင်ဆောင်သော စစ်ရေးကိုသာ ဖော်ဆောင်နေသည်ဟု ဆိုသည်။ လက်ရှိ စစ်ကောင်စီအစိုးရ အုပ်ချုပ်လာသည့်နောက် ပိုင်း နိုင်ငံအနှံအပြားတွင် နိုင်ငံရေးအကြပ်အတည်း ကြုံရခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေး အားနည်းလာခြင်း၊ စီးပွားရေးကျဆင်းလာခြင်း၊ ကုန်သွယ်ရေး ခက်ခဲလာခြင်း၊ အလုပ်လက်မဲ့များပြားလာခြင်း၊ COVID 19 ကပ်ရောဂါကူးစက်မှု တနေ့တခြား များပြားလာခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက ဒေသခံပြည်သူများ ဆင်းရဲဒုက္ခတွင်းထဲသို့ တွန်းချရာ ရောက် စေသည်ဟု RCSS က ထုတ်ပြန်သည်။ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်းရှိ လွိုင်ဟွန်းတောင်ကြောတွင် RCSS/SSA နှင့် SSPP/SSA တို့ ၁ လကြာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘေးရှောင် (၃၀၀၀) ကျော် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။ RCSS နှင့် SSPP-TNLA ပူးပေါင်း တပ်ဖွဲ့ကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ နယ်မြေပိုင်နက် အငြင်းပွားကာ တိုက်ပွဲများ ယနေ့ထိ မကြာခဏဖြစ်ပွားနေသည်။
#RCSS/SSA
#SSPP/SSA-TNLA
#တိုက်ပွဲ
#ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်ဖြေရှင်း
#တိုက်ပွဲရှောင်
#ရှမ်းပြည်နယ်မြောက်ပိုင်း
စစ်ရေးပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် RCSS တိုက်တွန်း
- By CNI
- Category: နိုင်ငံရေး
- Hits: 442