PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားခြင်းမှ ရပ်နား (နှုတ်ထွက်)လိုကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က PPST အဖွဲ့ဝင်များထံ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် စာပို့ အကြောင်းကြားခဲ့ပြီးနောက် PPST ၏ ယနေ့ အစည်းအဝေးအပြီးတွင် လက်ခံအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ဒီအစည်းအဝေးမှာ NCA စာချုပ်အပေါ် PPST ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်း လင်းလင်း ချမှတ်နိုင်တဲ့အတွက် ဝမ်းမြောက်ပါတယ်၊ ရှေ့ဆက်လုပ်ငန်းစဉ်များကို တိတိကျကျ ဆုံးဖြတ်နိုင်တဲ့ အတွက်လည်း ဂုဏ်ယူ ပါတယ်”ဟု ပြောသည်။ PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေရာကို မွန်ပြည် သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းအား ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၏ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် ပအို၀်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ကို အဖွဲ့ဝင် အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ ထို့အပြင် အာဏာရှင်ဆန့်ကျင်သည့် ၇ ဇူလိုင် အရေးအခင်းတွင် ကျဆုံးသွား သူများအတွက် PPST အစည်း အဝေးမှ ဂုဏ်ပြုပြီး လက်ရှိနိုင်ငံရေးဖြေရှင်းမှုမှ တဆင့် စစ်အာဏာရှင်ပပျောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး တို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။ PPST ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုး သား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) တို့က ပထမဆုံး ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်တွင် NCA လက်မှတ်ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်းကြောင့် လက်ရှိတွင် အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည်။ PPST ကို စတင် ဖွဲ့စည်းစဉ်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လက PPST ၏ (၀၃/၂၀၁၉) အစည်းအဝေးကို ကျင်းပ၍ ဆုံးဖြစ်ချက်အရ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို PPST ယာယီ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
#ဗိုလ်ချုပ်ကြီးယွက်စစ်
#ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် နုတ်ထွက်
#PPST
#ငြိမ်းချမ်းရေး
#နိုင်ငံရေး
#NCA
#ဉီးဆောင်မှုပြောင်းလဲ
ဗိုလ်ချုပ်ကြီးယွက်စစ် အဖွဲ့ခေါင်းဆောင်အဖြစ် အနားယူလိုခြင်း PPST လက်ခံ
- By CNI
- Category: နိုင်ငံရေး
- Hits: 454