CNI News
ပေါ့အူပရင့်စ်(ဟေတီ) ဇူလိုင် ၈
တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည့် ဟေတီသမ္မတ လုပ်ကြံသတ်ဖြတ်ခံ ရမှုတွင် မသင်္ကာသူ ၁၇ ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ ၂ ဦးမှာ အမေရိကန် နှင့်ဟေတီ နိုင်ငံသား ၂ ခုစလုံး ခံယူထားသူများဖြစ်သည်ဟု ယုံကြည်ရကြောင်း၊ အနည်း ဆုံး ၆ ဦးမှာ ၎င်းတို့တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ကိုလံဘီယာအစိုးရက ပြောကြောင်း အေပီသတင်းကို ကိုးကားလျက် time.com က ရေးသားဖော်ပြ သည်။
ယခုဖမ်းဆီးထိန်းသိမ်းထားသူ ၁၅ ဦးမှာ ကိုလံဘီယာနိုင်ငံမှဖြစ်ကြောင်း ဟေတီ အမျိုးသားရဲတပ်ဖွဲ့မှူး လီယွန်ချားလ်စ်က ဇူလိုင် ၈ ရက်၌ ပြောကြားခဲ့သည်။ နောက်ထပ်သံသယရှိသူ ၈ ဦးကို ရဲက ရှာဖွေနေဆဲဖြစ်ပြီး အခြား ၃ ဦးကို အသေ ဖမ်းမိ ကြောင်း ၎င်းက ဆက်ပြောသည်။ အစောပိုင်းက သံသယရှိသူ ၇ ဦး သေဆုံးခဲ့သည်မှာ ဟုတ်မှန်ကြောင်း ချားလ်စ်က အတည် ပြုသည်။
“သူတို့ကို တရားစွဲဆိုဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်” ဟု ချားလ်စ်က ဆိုသည်။
ဇူလိုင် ၇ ရက်၊ ဗုဒ္ဓဟူးနေ့ အရုဏ်မတက်မီက ၎င်း၏နေအိမ်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသော ဟေတီသမ္မတ ဂျဗဲန်မိုဆဲနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်စဉ်များ သတင်းစာရှင်းလင်းပွဲ၌ ရဲတပ်ဖွဲ့က အထက်ပါအတိုင်း ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဟေတီနိုင်ငံအတွင်း သေဆုံးသူ ၂ ဦး အပါအဝင် သံသယရှိသူ ၆ ဦး၏ အခြေ အနေကို ကိုလံဘီယာအစိုးရက မေးမြန်းခဲ့ပြီး ၎င်းတို့သည် စစ်တပ်မှ အငြိမ်းစား ယူထားသူများဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့မည်သူမည်ဝါ ဖြစ်သည်ဟု အခိုင်အမာ ထုတ်ပြန်ခြင်းမရှိပေ။
ကိုလံဘီယာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့အနေဖြင့် ယခုစုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်း ပါဝင်ရန် သမ္မတ အီဗန်ဒူကူက အမိန့်ပေး ထားကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျော့ချ်လူးဝစ်ဗားဂတ်စ်ဗလင်စီယာက ပြောသည်။
“စွမ်းရည်အထက်မြက်ဆုံး စုံစမ်းစစ်ဆေးသူတွေနဲ့ အဖွဲ့တစ်ဖွဲ့ ကျနော်တို့ ဖွဲ့ပြီးပါပြီ။ သူတို့သွားရမယ့်ရက်၊ လေယာဉ် ခရီးစဉ် အချိန်၊ ဘဏ္ဍာရေး သတင်း အချက်အလက်တွေကို ပြင်ဆင်ပြီးရင် (ဟေတီနိုင်ငံ) ပေါ့အူပရင့်စ်မြို့ကို စေလွှတ်တော့မှာပါ” ဟု ဗားဂတ်စ်က ရှင်းပြသည်။
ဟေတီ-အမေရိကန်နိုင်ငံသားများ ဖမ်းဆီးခံရသည်ဟု သိရှိရသော်လည်း အတည်ပြုခြင်း (သို့မဟုတ်) သဘောထား မှတ်ချက်ခြင်း မပြုနိုင်ကြောင်း အမေရိကန်နိုင်ငံခြားဌာနက ကြေညာသည်။
အဆိုပါ အမေရိကန်နိုင်ငံသားနှစ်ဦးမှာ ဂျိမ်းစ်ဆိုလာဂတ်စ်နှင့် ဂျိုးဇက်ဗင်ဆင့် တို့ဖြစ်ကြောင်း ဟေတီနိုင်ငံဘက်က သတ်မှတ်ထားသည်။ အသက် ၃၅ နှစ်ရှိ ဆိုလာဂတ်စ်မှာ သံသယတရားခံများထဲတွင် အသက်အငယ်ဆုံးဖြစ်ပြီး အသက် အကြီးဆုံးမှာ ၅၅ နှစ်ဖြစ်ကြောင်း၊ ထို့ထက်ပို၍ သတင်းအချက်အလက်များကို မိမိထုတ်ဖော်မပြောနိုင်ကြောင်း ဟေတီ ရွေးကောက်ပွဲရေးရာဝန်ကြီး မာသီယာ့စ်ပီးက ဆိုသည်။
ဆိုလာဂတ်စ်က ၎င်းသည် အသိအမှတ်ပြု သံတမန်ကိုယ်စားလှယ် တစ်ဦးဖြစ် ကြောင်း ထွက်ဆိုထားသည်။ ၎င်းအနေဖြင့် ဖလော်ရီဒါပြည်နယ်တောင်ပိုင်းတွင် ၂၀၁၉ ခုနှစ်က စတင်၍ ရှေ့နေလိုက်ပေးခဲ့ပြီး ဟေတီကမ်းရိုးတန်းမြို့ဖြစ်သည့် ဂျက်မဲလ်ရှိ လူထုကို ဝက်ဘ်ဆိုက်တစ်ခုတည်ထောင်လျက် နိုင်ငံရေးသမား အဖြစ်လည်း ထောက်ပံ့ကူညီပေးခဲ့ကြောင်း ဆိုလာဂတ်စ်က ထွက်ဆိုခဲ့သည်။
လုပ်ကြံမှုတွင် ပါဝင်သည်ဟု သံသယရှိသူများကို ဟေတီနိုင်ငံရှိ ထိုင်ဝမ် သံတမန်ခြံဝင်းထဲ အဖမ်းခံရခြင်းဖြစ်ကြောင်း ထိုင်ဝမ်ဘက်က အတည်ပြု ထားသည်။ ၎င်းတို့သည် သံရုံးပိုင်နက်ထဲ ကျူးကျော်ဝင်ခဲ့ပြီး သက်ဆိုင်ရာ သံရုံး၏ ခွင့်ပြုချက်ဖြင့် ဟေတီရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယခုလုပ်ကြံသတ်ဖြတ်မှု၏ နောက်ကွယ်မှ ကြိုးကိုင်နေသူများကို စုံစမ်းဖော် ထုတ် နေဆဲဖြစ်ကြောင်း ဟေတီရဲတပ်ဖွဲ့က ပြောကြားထားသည်။
 
Source: time.com