CNI News
မော်စကို ဇူလိုင် ၉
အာဖဂန်နစ္စတန်နိုင်ငံရှိ နယ်မြေပိုင်နက် ၈၅ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း မော်စကိုရောက် တာလီဘန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ဇူလိုင် ၉ ရက်က ထုတ်ဖော်ပြောကြားလိုက်ပြီး အခြားနိုင်ငံများ တိုက်ခိုက်ရန် ပလက် ဖောင်း အဖြစ် ထိုနယ်မြေများ သုံးခွင့်မပေးကြောင်း ကတိပြုခြင်းဖြင့် ရုရှားကို နှစ်သိမ့်လိုက်ကြောင်း ရိုက်တာက ရေးသားဖော်ပြသည်။
အမေရိကန်အပါအဝင် နိုင်ငံခြားတပ်ဖွဲ့များအနေဖြင့် နှစ်ပေါင်း ၂၀ ကြာ တိုက်ပွဲ များဖြစ်ပွားပြီးနောက် တာလီဘန်သူပုန်များ ကို အာဖဂန်နစ္စတန်တွင် နယ်မြေ သစ်များ ရရှိအောင် တွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့သည်။
အဆိုပါ အဖြစ်အပျက်များကြောင့် ရာနှင့်ချီသော အာဖဂန်လုံခြုံရေး အမှုထမ်း များနှင့် ဒုက္ခသည်များသည် နယ်စပ်ဖြတ်ကျော် ၍ အိမ်နီးချင်း တာဂျစ်ကစ္စတန် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် အစ္စလာမ္မစ်အစွန်းရောက်များ အာရှအလယ် ပိုင်းသို့ ထိုးဖောက်လာမည့် အရေးနှင့်အတူ မော်စကိုနှင့် အခြားမြို့တော် အများ အတွက် စိုးရိမ်ပူပန်စရာများ တိုးပွားလာစေခဲ့သည်။ အာရှအလယ်ပိုင်းသည် ရုရှားနိုင်ငံ၏ နောက်ဖေးပေါက်ဟု ရှုမြင်နိုင်သော ဒေသလည်း ဖြစ်သည်။
မော်စကိုတွင် ကျင်းပသည့် ဇူလိုင် ၉ ရက် သတင်းစာရှင်းလင်းပွဲတွင် တာလီဘန် ပြောခွင့်ရသူ ၃ ဦးတို့က အာဖဂန်ပိုင်နက် အတွင်း IS(Islamic State)များ၏ လှုပ်ရှားမှုကို ၎င်းတို့ အစွမ်းကုန် အကာအကွယ်ပေးနိုင်ကြောင်းနှင့် မူးယစ်ဆေး ဝါး ထုတ်လုပ်မှုများ ဖြိုခွင်းနိုင်ကြောင်း အာမခံပြောကြားခဲ့သည်။
“အာဖဂန်နိုင်ငံမှာ IS တွေလှုပ်ရှားလို့ မရအောင် ကျနော်တို့ အစီအမံတွေ အားလုံး လုပ်ဆောင်သွားမှာပါ။ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆန့်ကျင်ပြီး ကျနော်တို့ ပိုင်နက်ကို ဘယ်တော့မှ အသုံးပြုခွင့်ပေးမှာ မဟုတ်ပါဘူး” ဟု တာလီဘန် တာဝန်ရှိသူ ရှာဟာဘက်ဒင်ဒီလာဝါက စကားပြန်မှတစ်ဆင့် ပြောသည်။
အလားတူ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကလည်း တာဂျစ်-အာဖဂန်နယ်စပ်ကို ၎င်းတို့ တိုက်ခိုက်မည်မဟုတ်ကြောင်း ထိုနေ့ အစောပိုင်းက ပြောကြားချက် လည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါနယ်စပ်သည် ရုရှားနှင့်အာရှအလယ်ပိုင်း အတွက် အဓိက အရေးကြီးသောဒေသ ဖြစ်သည်။
ယင်းနယ်စပ်တလျှောက်တွင် ယခုတလော တင်းမာမှုများ တိုးပွားလာသည်ကို ရုရှားက သတိပြုခဲ့သည်။ နယ်စပ် သုံးပုံတစ်ပုံ က တာလီဘန်တွေက လက်ရှိ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက် ကို ကိုးကားပြီး အင်တာဖက်စ်သတင်းဌာနက ဇူလိုင် ၉ ရက်က ရေးသားဖော်ပြ သည်။
အာဖဂန်နစ္စတန်ပဋိပက္ခများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ပြီး ရုရှားနှင့် မော်စကိုဦးဆောင်သော CSTO စစ်အုပ်စုအနေဖြင့် လိုအပ်လျှင် နယ်စပ်ကျူးကျော်မှုကို ပြတ်ပြတ်သားသား အရေးယူသွား မည်ဟု ရာဇသံပေးထားသည်။
လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် အာဖဂန် နိုင်ငံသားအားလုံးသည် အစ္စလာမ်ဥပဒေနှင့် အာဖဂန်ရိုးရာ အစဉ်အလာကျင့်သုံး လျက် ပညာရေးတိုးတက်ကောင်းမွန်ရန် အခွင့်အရေးရှိသင့်ကြောင့် တာလီဘန် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
“ အာဖဂန်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံ ဖန်တီးဖို့ အာဖဂန်လူ့အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်အားလုံး ပါဝင်စေချင်ပါတယ်” ဟု ဒီလာဝါက ပြောကြားခဲ့သည်။
Source: Reuters