ကဘူးလ်၊စက်တင်ဘာ ၂၉

ယခုအခါ ကဘူးလ်လေဆိပ်သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် အပြည့်အဝလည်ပတ်နေပြီး လေယာဉ်အားလုံး ပုံမှန်ပျံသန်းရေး ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း တာလီဘန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကြေညာသည်။

“ကဘူးလ်နိုင်ငံတကာလေဆိပ်ရဲ့ပြဿနာတွေကို ဖြေရှင်းပြီးပြီဖြစ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေကို အပြည့်အဝပြန်ပြီး လည်ပတ်နိုင်ပါပြီ။ လေကြောင်းလိုင်းအားလုံး အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုရှိတဲ့အကြောင်း ကျနော်တို့ အာဖဂန်နစ္စတန်အစ္စလာမစ်စော်ဘွားများအစိုးရအနေနဲ့ အာမခံပါတယ်။ အရင်က ကဘူးလ်ကို ပျံသန်းပြေးဆွဲဖူးတဲ့ လေကြောင်းလိုင်းတွေနဲ့နိုင်ငံတွေလည်း အရင်အတိုင်း ပြန်လည် ပြေးဆွဲမယ်လို့ မျှော်လင့်ထားပါတယ်” ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူကွာဟာဘော်ခီက စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားထားသည်။

 

တာလီဘန်များ သိမ်းပိုက်ပြီး လေယာဉ်ပျံသန်းပြေးဆွဲနိုင်ရေး ရက်ပေါင်း ၄၀ ကျော် ကြိုးစားခဲ့ရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တစိတ်တပိုင်း ပူးပေါင်းပါဝင်ခဲ့ကြောင်း အဗ္ဗဒူကွာဟာဘော်ခီ၏ ပြောကြားချက်ကို ကိုးကားလျက် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ဩဂုတ် ၃၁ ရက်က အမေရိကန်ဦးဆောင်သော နိုင်ငံခြားတပ်များနှင့် အမေရိကန်နိုင်ငံသားများ ပြန်လည် ဆုတ်ခွာစဉ် ကဘူးလ်လေဆိပ်ရှိ အဆောက်အဦများနှင့်အသုံးအဆောင်များ ယိုယွင်းပျက်စီးခဲ့ရသည်။

ယခုလတ်တလောကာလအထိ ကာတာ၊ ဘာရိန်၊ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ဥဇဘက် ကစ္စတန်၊ ကာဇက်စတန်၊ အီရန်နှင့် ပါကစ္စတန်တို့မှ လူသားချင်းစာနာမှုအကူအညီများ သယ်ဆောင်လာသော လေယာများအပြင် အီရန်၊ ကာတာ၊ ပါကစ္စတန်တို့မှ စီးပွားဖြစ်လေကြောင်းလိုင်းများ ကဘူးလ်လေဆိပ်သို့ ပြန်လည်ဆင်းသက်နေပြီဖြစ်သည်။ ယင်းလေကြောင်းလိုင်းများသည် တာလီဘန်များ အာဏာသိမ်းပြီးကတည်းက ပျံသန်းပြေးဆွဲမှု ခေတ္တဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။