ဆိုးလ်၊စက်တင်ဘာ ၂၉
နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်းကို စက်တင်ဘာ ၂၈ ရက်က ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း ပြုံယမ်း၏ ကုလသမဂ္ဂ သံအမတ်က ပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် လက်နက်စမ်းသပ်ပိုင်ခွင့်ကို ငြင်းပယ်စရာမလိုကြောင်း အခိုင်အမာပြသခဲ့သည်။
ကိုရီးယားကျွန်းဆွယ်မြောက်ပိုင်းရှိ ဂျာဂန်းပြည်နယ်မှ အဆိုပါတာတိုပစ်ဒုံးကျည်များကို အရှေ့ဘက် ကမ်းလွန် ရေပြင်သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဦးစီးချုပ်များက ပြောကြားခဲ့သည်။ ၎င်းသည် ပဲ့ထိန်းဒုံးကျည်ဖြစ်ပုံရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက အေအက်ဖ်ပီသို့ သုံးသပ်ပြသည်။
ဒုံးကျည်ပစ်လွှတ်ပြီး တစ်နာရီမပြည့်မီတွင် ပြုံယမ်း၏ကုလသမဂ္ဂသံအမတ် ကင်မ်ဆောင်းက နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားရာ၌ “မြောက်ကိုရီးယားအတွက် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ကို မည်သူမျှငြင်း၍ မရကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ခေါင်းဆောင်ဖြစ်သူ ကင်ဂျုံအန်း၏ဩဇာလွှမ်းမိုးမှုရှိသော ညီမဖြစ်သူ ကင်မ်ယိုဂျောင်းက ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ကျင်းပရန် အလားအလာကို နှောင့်နှေးစေပြီးနောက် မကြာမီရက်ပိုင်းအတွင်း ပြုံယမ်း ဘက်မှ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလာခဲ့ခြင်းဖြစ်သည်။ သို့သော် ကင်မ်ယိုဂျောင်းက ဘက်မလိုက်မှုနှင့် အပြန်အလှန် လေးစားမှုလိုမည်ဟု ပြောကြားခဲ့ပြီး မဆင်မခြင်ပြောခြင်းကို ရပ်တန့်ရန် တောင်ကိုရီးယားကို တောင်းဆိုခဲ့သည်။
မဟာမိတ်များက ၎င်းတို့ကိုယ်ပိုင်စစ်ရေးစွမ်းရည်တည်ဆောက်နေကြသော်လည်း မြောက်ကိုရီးယား၏ စစ်ရေး တိုးတက်မှုများအပေါ် တောင်ကိုရီးယားနှင့်အမေရိကန်တို့မှ ဝေဖန်နေမှုများကို နှစ်ထပ်ကွမ်း စံ သတ်မှတ်ချက်ဟု ကင်မ်ယိုဂျောင်းက ပြစ်တင်ရှုတ်ချခဲ့သည်။
ယခုမြောက်ကိုရီးယား၏နောက်ဆုံးပစ်လွှတ်မှုသည် ပြုံယမ်းအိမ်နီးချင်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ဝါရှင်တန်က ဝေဖန်ပြစ်တင်ခဲ့သည်။
“အခုပစ်လွှတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်ရာကျပါတယ်။ ကိုရီးယား သမ္မတနိုင်ငံ(တောင်ကိုရီးယား)နဲ့ ဂျပန်ကိုကာကွယ်ဖို့ ကျနော်တို့ ကတိကဝတ်က ခိုင်မာပြီးသားဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ကိုရီးယားစစ်ပွဲအဆုံးသတ်မှု တရားဝင်ကြေညာရန် မိမိ အကြိမ်ကြိမ်တိုက်တွန်းခဲ့ကြောင်း တောင်ကိုရီးယား သမ္မတမွန်ဂျေအင်းက ကုလသမဂ္ဂအထွေထွေညီလာခံတွင် မကြာသေးမီရက်ပိုင်းက ထပ်လောင်း ပြောကြားခဲ့သည်။ မွန်ဂျေအင်းသည် ရာထူးသက်တမ်းကုန်ဆုံးရန် လအနည်းသာ လိုတော့သည်။
၁၉၅၀ ပြည့်နှစ်တွင် မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကို ကျူးကျော်ခဲ့ပြီးနောက် ၃ နှစ်အကြာတွင် ငြိမ်းချမ်းရေးစာချုပ်အစား အပစ်အခတ်ရပ်စဲရေးသာ ပြုလုပ်နိုင်ခဲ့သည်။ ယနေ့အချိန်တွင် ပြုံယမ်းသည် နျူကလီးယားလက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်မှုတားမြစ်သော အစီအစဉ်များဖြင့် နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ်မှုမျိုးစုံကို ခံစားနေရသည်။