၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၂၉

အကြမ်းဖက် လုပ်ငန်းများတွင် တိုင်းရင်းသားလက်နက်ကိုင်(EAO)တချို့ ပါဝင်နေသော်လည်း မိမိတို့အနေဖြင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များကို မထိခိုက်အောင် တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်နေသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၁)ကို စက်တင်ဘာ ၂၈ ရက်နေ့က ကျင်းပစဉ် ၎င်းမှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ အကြမ်းဖက် လုပ်ငန်းများ၌ အချို့ EAO များ ပါဝင်ပတ်သက် နေမှုရှိနေသော်လည်း EAO အများစုမှာ လက်ခံမှုမရှိကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မထိခိုက်အောင် တတ်နိုင်သမျှ ထိန်းသိမ်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက် လုပ်ငန်းများနှင့် မသက်ဆိုင်သည့် ပြည်သူများ၏ လွတ်လပ်ခွင့်ကိုလည်း မထိခိုက်ရန်လိုတယ်”ဟု ပြောသည်။

ထို့နောက် မိမိတို့ နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်ဆက်ဆံဆောင်ရွက်သည့် အချိန်တွင် မိမိတို့ နိုင်ငံ၏ ပကတိ အခြေ အနေနှင့် ကိုက်ညီရန်နှင့် အခြေခံဥပဒေ- တည်ဆဲဥပဒေများနှင့်ကိုက်ညီမှုရှိရန်လိုအပ်ကြောင်း၊ လိုအပ်သည့် နည်းဥပဒေ များ- အမိန့်နှင့်ညွှန်ကြားချက်များအား လက်ရှိ ပကတိအခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လွယ်ကူ ရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ်မှု စနစ်ဖြစ်ရန်လိုကြောင်း၊ သို့မှသာ Good Governance စနစ်ကို ဖော်ဆောင်၍ နိုင်ငံဖွံ့ဖြိုး
တိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက တော့ NCA ထိုးထားသည့် အဖွဲ့အစည်းများဖြစ်ပါက NCA ကိုလိုက်နာပါက ငြိမ်းချမ်းရေးမပျက်နိုင်ကြောင်း၊ NCA ထိုးထား သော အဖွဲ့အစည်းများမဟုတ်ပါက သူတို့သည် လိုက်နာစရာမလိုသည့်အတွက် ပြောရခက်ကြောင်း ဆိုသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “EAO တချို့ဆိုတော့ NCA ထိုးထားတဲ့အဖွဲ့နဲ့မထိုးထားတဲ့ အဖွဲ့ ခွဲပြောလား၊ မပြောဘူးဆိုရင်တော့ EAO တချို့ ကတော့ နဂိုကတည်းကိုက NCA မထိုးထားဘူးဆိုရင်တော့ သူတို့မှာ ဘာမှလိုက်နာဖို့ စည်းမျဉ်းစည်းကမ်း၊ ကတိကဝတ် ဘာမှမရှိဘူးလေ။ အဲဒီအဖွဲ့တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နဂိုကတည်းကလည်း မပါတော့ သူတို့ အတွက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သွားထိန်းတယ်လို့ ပြောရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါ တာက NCA ထိုး ထားတဲ့ လူတွေပဲ ပါတာကိုး။ NCA ထိုးထားတဲ့ ၁၀ ဖွဲ့တည်းက တချို့ကို နည်းနည်း ရည်ညွှန်း တယ်နဲ့တူပါတယ် ကြည့် ရတာလေ။ ဥပမာ KNU လိုပေါ့ဗျာ။ အဓိက ပင်မက NCA ထိုးထားတယ်၊ သို့သော် KNU ထဲက တချို့က ပဋိပက္ခရှိနေ တယ်။ ဒါကို ရည်ညွှန်းပြီးတော့ တစ်စုံလုံး မဖြစ်ဖို့၊ ဟိုကြေညာပြီး တိတိလင်း လင်း ပဋိပက္ခပြန်မဖြစ်ဖို့ ပြတ်ပြတ်သားသား ပြန်မဖြစ်အောင်လို့ ပြောတာနဲ့တူပါတယ်။ အောက်ခြေမှာတော့ ကြိတ်ဝိုင်းတော့ ရှိမှာပေါ့လေ”ဟု ပြောသည်။

ထို့နောက် NCA တွင် ပြည်သူလူထုကို ကာကွယ်ပေးရန် သဘောတူညီချက် ပါသည့်အတွက် NCA ကျိုးပေါက်ခြင်း မရှိ ကြောင်း လိုက်နာရန် ရည်ညွှန်းပြောသည့် သဘောလည်း ဖြစ်နိုင်ကြောင်း၊ NCA ၎င်းက ဆိုသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက“NCA ထဲမှာ ပြည်သူလူထုကို အကာအကွယ်ပေးခြင်းဆိုတာပါတယ်။ အဲတာကို နှစ်ဖက်စလုံးက လိုက်နာဖို့လို တယ်။ အကယ်၍ စစ်ကောင်စီဘက်က လူထုကို ထိခိုက်နစ်နာအောင်လုပ်တယ်၊ ကာကွယ်ပေးရမယ့် အစား နှိပ်ကွပ်တယ်၊ နှိပ်စက်တယ်ဆိုရင်တော့ NCA ထိုးထားတဲ့အဖွဲ့တွေက NCA စာချုပ်မှာပါတဲ့ တာဝန်ပေးချက် အရ ပြည်သူ လူထု အကာ အကွယ်ပေးခြင်းကို လုပ်ဖို့လိုတယ်။ လုပ်ဖို့လိုတဲ့အတွက်ကြောင့် လက်နက်ကိုင် ထိတွေ့မှု ဖြစ်နိုင်တာပေါ့ဗျာ။ အဲတာက NCA ချိုးဖောက်တာမဟုတ်ဘူး NCA ကို လိုက်နာတာ ဖြစ်တယ်။ NCA ကို တပ်မတော်ကလည်း လိုက်နာဖို့လို တယ်။ ထို့အတူပဲ ကျနော်တို့ NCA ထိုးထားတဲ့အဖွဲ့တွေကလည်း NCA ကို လိုက်နာဖို့လိုတယ်လို့ ကျနော်မြင်တယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “နှစ်ဖက်စလုံးက NCA မှာ ပါတဲ့ အနစ်သာရတွေကို လိုက်နာမယ် ဆိုရင် လက်နက်ကိုင်ပဋိပက္ခတော့ ဖြစ်ဖို့မလွယ်ဘူး။ မတော်တဆ ထိတွေ့တာတောင်မှ တွေ့ဆုံ၊ ရင်ဆိုင်၊ ဖြေရှင်း၊ ညှိနှိုင်းလို့ ရတဲ့ အခြေအနေရှိပါတယ်။ အဲဒီ အခြေအနေက အခု မပျက်သေးဘူး။ မပျက်သေးတဲ့ အခါ ကျတော့ ပြောလို့ဆိုလို့မရတဲ့ အခြေအနေမဟုတ်သေးတော့ အကယ်၍ တစ်ဖက်ဖက်က ဖောက်ဖျက်တယ်၊ ကျူးလွန်တယ်၊ လူထုကို နစ်နာအောင်လုပ်တယ်ဆိုရင် ကျန်တဲ့တစ်ဖက်က ဒါကို ချက်ချင်း တိုင်တန်း၊ ပြောဆို၊ ဟန့်တား၊ ကန့်ကွက်လို့ရတာပေါ့ဗျာ။ အဲလမ်းကြောင်းက ပွင့်နေသေးတယ်ဗျ။ အဲတာ ကို ကျနော်တို့ ထိထိ ရောက်ရောက်အသုံးချဖို့လိုတာပါ”ဟု ပြောသည်။

NCA မထိုးထားသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ လိုလားချက်နှင့် ပြည်သူလူထု၏ လိုလားချက်များကို အကောင်အထည်ဖော်ပေးနိုင်မှသာ လျှင် ငြိမ်းချမ်းရေးကို ရအောင် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်က ငြိမ်းချမ်းရေးပြောသည့်တိုင် ပြည်တွင်း၊ ပြည်နယ်၊ တော စသည့် နေရာဒေသများမှာ ငြိမ်းချမ်းရေးမရှိဘဲ ဖြစ်နေကြောင်း ဆိုသည်။

ဗိုလ်မှူးကြီး နော်ဘူက “ငြိမ်းချမ်းရေးကတော့ ကျနော်တို့ကတော့ ပြောမယ်ဆိုရင်တော့ အရင်တုန်းကလည်း သူက အပစ် အခတ် ရပ်စဲရေးကို လတိုင်း လတိုင်းသူတို့လုပ်တာလေ။ ဒီစစ်ရေး ပဋိပက္ခတွေလည်း အမြဲတမ်းရှိနေတာ။ ထိန်း သိမ်းတယ် ဆိုတာကတော့ သူ့ဘက်ကပဲ ပြောတာပဲနေမှာပါ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးက ရမှမရတာ၊ ဘာမှမဖြစ်တာ။ ပြည်တွင်းမှာလည်း မရဘူး၊ ပြည်နယ်မှာလည်း မရဘူး၊ နောက်ပြီး တောမှာလည်း မရဘူး။ သူက ထိန်းသိမ်းတယ်ဆိုတာ ဘာကို ရည်ညွှန်းပြီးမှ ပြောတာလဲ ကျနော်တို့မသိဘူး။ အဲတာကြောင့် သူပြောတဲ့ ထိန်းသိမ်းမယ်ဆိုတာကတော့ ကျနော် အဓိပ္ပာယ်တောင်မှ နားမလည်ဘူး”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို PNLO၊ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ရခိုင် ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ လက်မှတ်ထိုးထား သည်။

KIA၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်-မိုင်းလား(NDAA)၊ ကိုးကန့်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K)တို့မှာ NCA မထိုးရသေးပေ။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များထဲမှ CNF၊ KNU၊ KIA၊ KNPP၊ TNLA တို့မှ တပ်မဟာ တချို့သည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) များကို စစ်သင်တန်းများပေးနေကြောင်း တပ်မတော်က ပြောထားသည်။

ထို့နောက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိနေသည်။