ကိုဟီမာ(နာဂလန်း)၊စက်တင်ဘာ ၂၈
နာဂနိုင်ငံရေး အဖြေရှာရန် အထူးအာရုံစိုက်လျက်ရှိသော အိန္ဒိယအစိုးရသည် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-IM)ကို နယူးဒေလီမြို့သို့ ဖိတ်ကြားခဲ့ပြီး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း နာဂလန်းပြည်နယ် ဝန်ကြီးချုပ် နီဖီအူရွိုင်ယိုက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု News18.com က ရေးသားဖော်ပြသည်။
နီဖီရွိုင်ယိုက “ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အေမစ်ရှားသည် မိမိနှင့် အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမတာ ဘီဆွာစာမတို့ကို နာဂအရေးဆွေးနွေးမှု၌ အထောက် အကူ ပြုရန် တာဝန်ပေး ကြောင်း၊ နာဂအုပ်စုများ အဖြေတစ်ခုအတွက် နားလည်မှုရရှိအောင် လာရောက်ဆွေးနွေးစေရေး တာဝန်ပေကြောင်း”ဟု သတင်းထောက်များကို ပြောခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က ဟီမတာဘီဆွာစာမနှင့် ရွိုင်ယိုတို့သည် ဒီမာပူရ်မြို့တွင် NSCN-IM မှ စေ့စပ် ဆွေးနွေးရေး အကြီးအကဲ တီအိတ်ချ်မွီးဘားနှင့်တွေ့ဆုံခဲ့ပြီး နောက်တစ်ရက်အကြာ ဗဟိုအစိုးရမှ ထပ်မံစေလွှတ်သည့် ပါဝင်ဆွေးနွေးသူ (interlocutor) အသစ် အေကေမီရှရာနှင့် မွီးဘားတို့ ဆက်လက် ညှိနှိုင်းခဲ့ကြသည်။
မွီးဘားနှင့် တွေ့ဆုံစဉ်အတွင်း နာဂလန်းဒေသ၌ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် ဗဟိုအစိုးရအနေဖြင့် အဖြေတစ်ခု ပေါ်ထွက်လာရေး အထူးအာရုံစိုက်နေကြောင်း စကားလက်ဆောင်ပါးခဲ့သည်ဟု နာဂလန်းပြည်နယ်ဝန်ကြီးချုပ် နီဖီရွိုင်ယိုက ပြောသည်။
“အိန္ဒိယဗဟိုအစိုးရနဲ့ ဆွေးနွေးနေဆဲအကြောင်းတွေ ကျနော်တို့ ပြောဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးနေတဲ့ အဖွဲ့အစည်းတွေ အပေါ်မှာ ဗဟိုအစိုးရက ထားရှိတဲ့သဘောထားကို အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်” ဟု ၎င်းက ပြောသည်။
ပြေလည်မှုမရသေးသော နာဂနိုင်ငံရေးပြဿနာအတွက် အဖြေတစ်ခုရှာရန် ဗဟိုအစိုးရနှင့်နာဂအုပ်စုများ စေ့စပ်ညှိနှိုင်းရေး ပြန်လည် စတင်နိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း နီဖီရွိုင်ယိုက ဆိုသည်။
ပုံ-အာသံနဲ့ နာဂလန်း ပြည်နယ်က ဝန်ကြီးချုပ်တို့နဲ့ NSCN-IM ကိုယ်စားလှယ်တို့တံခါးပိတ်ဆွေးနွေးနေစဉ် (TWITTER/@HIMANTABISWA)
“တချို့ကိစ္စရပ်တွေမှာ အမြင်ချင်းမတူကြတာ နှစ်နှစ်လောက်ကြာပြီဖြစ်လို့ အခုဆွေးနွေးမှု ပြန်စတာပါ။ ဒါပေမယ့် အခု ပါဝင် ဆွေးနွေးသူအသစ်ဖြစ်တဲ့ မီရှရာနဲ့တော့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ဗဟိုအစိုးရရော NSCN(IM) ကပါ သဘောတူကြပါ တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နာဂအဖွဲ့အားလုံးနှင့် စကားပြောရန် ဗဟိုအစိုးရမှ စေလွှတ်သည့် ပါဝင်ဆွေးနွေးသူတစ်ဦးသာ ထားရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ပါဝင်ဆွေးနွေးသူ မီရှရာသည် ဒီမာပူရ်မြို့သို့ မကြာသေးမီက ရောက်ရှိလာခဲ့ပြီး NSCN-IM နှင့် နာဂအမျိုးသားနိုင်ငံရေးအုပ်စု ခုနှစ်ဖွဲ့ဖြစ် ဖွဲ့စည်းထားသည့် (NNPGs)၏ လုပ်ငန်းကော်မတီနှင့် ကနဦး ဆွေးနွေးခဲ့ကြောင်း နီဖီရွိုင်ယိုက ရှင်းပြသည်။
ဗဟိုအစိုးရသည် ၁၉၉၇ ခုနှစ်ကတည်းက NSCN-IM နှင့် စေ့စပ်ညှိနှိုင်းရေး ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် နိုင်ငံရေးမူဘောင်သဘောတူညီချက် (Framework Agreement)တစ်ခု ရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဗဟိုအစိုးရသည် အခြားနာဂအုပ်စုတစ်ခုဖြစ်သော NNPGs နှင့် ၂၀၁၇ ခုနှစ်၌ ဆွေးနွေးခဲ့ပြီး သဘောတူညီမှုအဆင့် (Agreed Position) ကို ထိုနှစ်မှာပဲ လက်မှတ်ရေးထိုးခဲ့သည်။
ဗဟိုအစိုးရမှ စေလွှတ်သည့် ပါဝင်ဆွေးနွေးသူ အာရ်အင်န်ရာဘီ(RN Ravi) ထံမှ နာဂအုပ်စုများနှင့် စေ့စပ်ညှိနှိုင်းမှု အပြီးသတ် ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်ကတည်းက အဆိုပါ ဆွေးနွေးနေမှု များ တိုးတက်လာခြင်း မရှိတော့ပေ။
အတိုက်အခံ နာဂပြည်သူ့တပ်ဦး (Naga People’s Front-NRF) ကို ပေါင်းစည်းလျက် ညီညွတ်သော ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (United Democratic Alliance-UDA) တည်ထောင်ခြင်းကြောင့် ၎င်း၏ပြည်နယ်အစိုးရထဲ ရာထူးနေရာ အပြောင်းအလဲနှင့်ပတ်သက်၍ နီဖီရွိုင်ယိုက ဆွေးနွေးဆဲပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“နာဂနိုင်ငံရေးကိစ္စအပေါ် ကျနော်တို့ အတူတကွ လက်တွဲသွားမှာဖြစ်လို့ အလျင်စလို မလုပ်ဘူးခင်ဗျ။ အတိုက်အခံနည်းတဲ့ အစိုးရအနေနဲ့ ကျနော်တို့စဉ်းစားတဲ့အခါ တွေ့ဆုံဆွေးရေး ပြန်လည်စတင်ဖို့ပဲ ရှိပါတယ်” ဟု ၎င်းက ပြောသည်။