CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ဦးစီးဆောင်ရွက်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာသော Mr.Anders Graugaard က မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း
ပြန်သွားနိုင်ရေး ဆောင်ရွက်မည်ဟု သူ၏ တွစ်တာကနေ ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ရေးသားချက်ကိုလည်း ဒိန်းမတ်သံရုံးက တဆင့် ပြန်လည် ထုတ်ပြန်ဖော်ပြခဲ့သည်။

Mr.Anders Graugaard က “လှပ စိမ်းလန်းစိုပြေတဲ့ ရန်ကုန်မြို့ကို ကျနော် မနေ့က ရောက်ရှိလာပြီ ဖြစ်ပါ တယ်။ ယခုလို အရေးကြီးတဲ့ အချိန်အခါမှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်သွားနိုင်ရေးအတွက် ပံ့ပိုးဖို့ ဒိန်းမတ်အစိုးရရဲ့ကြိုးပမ်း အားထုတ်မှုတွေကို ဆက်လက် ဆောင်ရွက်ဖို့ ဒီကို လာရောက်ရတာ ဝမ်းမြောက်ပါ တယ်”ဟု ပြောသည်။

ဒိန်းမတ်သံရုံးအကြီးအကဲ Mr.Anders Graugaard သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး အကြီးအကဲအနေ ဖြင့် တာဝန် ထမ်းဆောင်ရန်အတွက် စက်တင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ တပ်မတော်က အာဏာ သိမ်းခဲ့သည်။

ထို့နောက် နိုင်ငံတစ်ဝန်း တပ်မတော်ကို ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြမှုများ ထိန်း သိမ်းရာမှာ လူသေဆုံးမှုများ ရှိခဲ့ခြင်းကြောင့် လက်နက်ဆွဲကိုင် တော်လှန်ရေး ကြိုးပမ်းသည့် အင်အားစုများ ပေါ်ပေါက်လာကာ တိုက်ပွဲများ ဖြစ်နေကြသည်။