ပရစ်စတီနာ(ကိုဆိုဗို)၊ စက်တင်ဘာ ၂၇

အိမ်နီးချင်း ဆားဘီးယားနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်အနီးရှိ ကိုဆိုဗိုအစိုးရပိုင် မော်တော်ယာဉ်မှတ်ပုံတင်ရုံးနှစ်ရုံး တိုက်ခိုက်ခံရပြီးနောက် “ဆားဘီးယားအနေဖြင့် ပြင်းထန်သော နိုင်ငံတကာပဋိပက္ခတစ်ခုကို လှုံ့ဆော်ရန် ကြိုးစားနေ ကြောင်း” ကိုဆိုဗိုဝန်ကြီးချုပ် အယ်ဘင်ကာတီက စွပ်စွဲပြောကြားလိုက်သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနမှာ ဖော်ပြ ထားသည်။

စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက တင်းမာမှုများ တိုးပွားလာခဲ့ပြီး ဆလိုဗီးယားလူမျိုးများ ဦးဆောင်သော အစိုးရ ဆန့်ကျင် ရေး လှုပ်ရှားမှု ဆဋ္ဌမမြောက်အကြိမ်နှင့်လည်း တိုက် ဆိုင်နေသည်။ ဆားဘီးယားဘက်မှ လာသော မော်တော်ယာဉ်များ အနေ ဖြင့် ကိုဆိုဗိုနိုင်ငံအတွင်း ဝင်ရောက်သည့်အခါ ကိုဆိုဗိုဘက်မှ ထုတ်ပေးသည့် ယာဉ်မှတ်ပုံတင်ကတ်ပြားများ ယာယီတပ်ဆင် ထားရန် အယ်လ်ဘေးနီးယားလူမျိုးတို့ ဦးဆောင်သော ကိုဆိုဗိုအစိုးရက ဆုံးဖြတ်ခဲ့ခြင်းအပေါ် မကျေမနပ်ဖြစ်၍ ယင်းသို့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်နေခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံရခြင်းကြောင့် ဆားဘီးယားနယ်စပ် ကိုဆိုဗိုပိုင်နက်အတွင်း ဇူဘင်ပိုတော့မြို့ငယ်လေးရှိ မှတ်ပုံတင်ရုံး နှစ်ရုံးနှင့် ဗီကန်မြို့တို့တွင် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကြောင်း ကိုဆိုဗိုဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။

ဇူဘင်ပိုတော့မြို့ရှိ ယာဉ်မှတ်ပုံတင်ရုံး မီးရှို့ဖျက်ဆီးခံရမှုတွင် အကြမ်းဖက် အဖွဲ့များနှင့်အတူ သံသယရှိသူအချို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ကိုဆိုဗိုပြည်ထဲရေးဝန်ကြီး ဇီလယ်စဗီကလာက ပြောသည်။

ပုံ- ကိုဆိုဗိုဝန်ကြီးချုပ် အယ်ဘင်ကာတီက နံပါတ်ပြားများကို ပြသရှင်းလင်းနေစဉ်(AFP)

ကိုဆိုဗို-ဆားဘီးယားနယ်စပ်တွင် ကုန်တင်ကားများ သွားလာခြင်းကို စက်တင်တာ ၂၀ ရက် ကတည်းက ပိတ်ဆို့ထားခဲ့ပြီး ဆားဘီးယားဘက်မှလာသော မော်တော်ယာဉ်နံပတ်ပြားများကို ယခုအခါ ကိုဆိုဗိုဘက်က ဖယ်ရှားပစ်နေသည်။ ယာဉ် မောင်းများ ယာယီနံပတ်များ ဝယ်ယူတပ်ဆင်ရန် ဆားဘီးယားနှင့် ကိုဆိုဗို နှစ်ဘက်စလုံးက အလေးပေးနေ သည်။

ကိုဆိုဗိုနိုင်ငံသည် ယခင်က ဆားဘီးယားနိုင်ငံလက်အောက်မှာ ရှိခဲ့သည့်အတွက် လက်ရှိအချိန်ထိ ဆားဘီးယားနိုင်ငံက ကိုဆိုဗိုကို သီးခြားနိုင်ငံအဖြစ် မယူဆဘဲ ၎င်းတို့၏ လက် အောက်ရှိ ပြည်နယ်တစ်ခုအဆင့်အနေဖြင့်သာ ဆက်ဆံနေဆဲ ဖြစ်သည်။

ထို့ကြောင့် နှစ်နိုင်ငံ အပြန်အလှန် ထိစပ်နေသည့် နယ်စပ်ကို ယာယီနယ်နိမိတ်အဖြစ်သာ ဆားဘီးယားက အသိအမှတ်ပြု ထားပြီး ကိုဆိုဗိုဘက်သို့ ဝင်ရောက်သည့် ဆားဘီးယားနိုင်ငံက ယာဉ်မောင်းများကို ကိုဆိုဗိုနံပတ် မပြောင်းဘဲ ဆားဘီးယား ပိုင် မော်တော်ယာဉ်နံပါတ်များဖြင့်သာ ဝင်ရောက်ရန် ဆာ့ဘ်လူမျိုးများကို မြောက်ပေးနေသည်ဟု ကိုဆိုဗိုဘက်က ဆိုသည်။

ဆားဘီးယားနိုင်ငံဘက်မှ ကိုဆိုဗိုအနီးတဝိုက် ၎င်းဒေသများရှိ စစ်တပ်များကို တပ်လှန့်ထားပြီး နိုင်ငံပိုင် RTS ရုပ်သံလိုင်းမှ စက်တင်ဘာ ၂၅ ရက်၌ ဆားဘီးယား ဂျက်တိုက် လေယာဉ်များ နယ်စပ်ဒေသ နေ့ရောညပါ ပျံသန်းနေပုံများ ထုတ်လွှင့်ပြသခဲ့ ခြင်းဖြင့် ကိုဆိုဗိုအတွင်းရှိ ဆာ့ဘ်ဆန္ဒပြသူများကို အားပေးနေခဲ့သည်။

စက်တင်ဘာ ၂၄ ရက်ကပင် ဆားဘီးယားစစ်တပ်ပိုင် ဂျက်တိုက်လေယာဉ်များ နယ်စပ်ဒေသတလျှောက် ပျံဝဲနေပုံများကို မြင်ခဲ့ရကြောင်း အယ်လ်ဂျာဇီးယားသတင်းထောက် ဘောရစ်ဂါဂျစ်က သတင်းပေးပို့ထားသည်။

“တရားဥပဒေစိုးမိုးရေးနဲ့ လူထုလုံခြုံရေး ထိခိုက်စေတဲ့ လှုပ်ရှားမှုတွေဟာ လူတစ်ဦးချင်းစီနဲ့အုပ်စုတွေက ကျနော်တို့ နယ်မြေ တွေကို တိုက်ခိုက်ပြီး ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးကို အနှောင့်ယှက်ပေးနေပါတယ်” ဟု ကိုဆိုဗိုဝန်ကြီးချုပ် အယ်ဘင်ကာတီက ၎င်း၏ဖေ့စ်ဘွတ်ခ် Account တွင် စက်တင်ဘာ ၂၅ ရက်၌ ရေးသားလွှင့်တင်ခဲ့သည်။

“ဆားဘီးယားက ကျနော်တို့နယ်မြေထဲက ဆန္ဒပြသူတွေကို အားပေးနေပြီး အတိအလင်း ထောက်ခံနေပါတယ်။ ဆိုးရွားတဲ့ နိုင်ငံတကာပဋိပက္ခတစ်ခု လှုံဆော်ဖို့ ဆားဘီးယားက ကိုဆိုဗိုနိုင်ငံသားတွေကို လွဲမှားစွာ အသုံးချနေပါတယ် ” ဟု အယ်ဘင်ကာတီက ပြောသည်။

ဆားဘီးယားသမ္မတ အယ်လက်စန်ဒါဗျူစစ်က “ကိုဆိုဗို၌ မကြာသေးမီက ယာဉ်နံပါတ်ပြား အပြောင်းအလဲလုပ်စေခြင်းသည် ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း” ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၂၄၄ အရ ကိုဆိုဗိုဒေသအုပ်ချုပ်ရေးကို ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂလက်သို့ လွှဲပေးခဲ့ပြီး လွတ်လပ်သော ကိုဆိုဗိုသမ္မတနိုင်ငံအဖြစ် ၂၀၀၈ ခုနှစ်တွင် ကြေညာခဲ့သော်လည်း နိုင်ငံအချို့ကသာ အသိအမှတ် ပြုခဲ့သည်။ ဆားဘီးယားနိုင်ငံသည် ကိုဆိုဗို၏ တစ်ဖက်သတ် ခွဲထွက်မှုကို လက်မခံဘဲ ဆားဘီးယား အချုပ် အခြာ အာဏာ အတွင်းမှ ကုလသမဂ္ဂအုပ်ချုပ်သည့် နယ်မြေတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားခဲ့သည်။