ဘာလင်၊စက်တင်ဘာ ၂၇
ဂျာမနီ လက်ဝဲယိမ်းဆိုရှယ်ဒီမိုကရက်(SPD) များသည် ဂျာမနီရွေးကောက်ပွဲအတွင်း မကြာမီ အနားယူတော့မည့် ဝန်ကြီးချုပ်အန်ဂျာလာမာကယ်၏ပါတီကို ပွတ်ကာသီကာဖြင့် အနိုင်ရရှိသွားကြောင်း ကနဦး မဲရလဒ်များကို ကိုးကားလျက် ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
SPD ပါတီက မဲစုစုပေါင်း၏ ၂၅ ဒသမ ၇ ရာခိုင်နှုန်းရခဲ့ပြီး လက်ရှိအာဏာရ အန်ဂျာမာကယ်၏ ကွန်ဆာဗေးတစ်အုပ်စုဖြစ်သည့် CDU/CSU ပါတီက ၂၄ ဒသမ ၁ ရာခိုင်နှုန်းရခဲ့သည်။
The Greens(ဂရင်းစ်)ပါတီကတော့ ၎င်းတို့ပါတီသမိုင်းကြောင်းတွင် အကောင်းဆုံးရလဒ်များ ထွက်ခဲ့ပြီး ယခု ရွေးကောက်ပွဲ၌ ၁၄ ဒသမ ၈ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရှိနေသည်။
ယခုအနေအထားများအရ အစိုးရအဖွဲ့ကို ညွန့်ပေါင်းအနေဖြင့် ဖွဲ့စည်းရမည်ဟု ဆိုသည်။
SPD ပါတီခေါင်းဆောင် အိုလက်စကော့ဇ်က ၎င်းတို့ပါတီက အစိုးရအတွင်း ဦးဆောင်မှုကဏ္ဍရယူရေး ရှင်းရှင်းလင်းလင်း လုပ်သင့်ကြောင်း အစောပိုင်း၌ ပြောကြားထားခဲ့သည်။
မစ္စတာအိုလက်စကော့ဇ်သည် ၎င်း၏ SPD ပါတီထောက်ခံသူများကို ပီတိများဖြင့် နှုတ်ဆက်ခဲ့ပြီး ရုပ်သံလိုင်း ကြည့်ရှုနေသော မဲဆန္ဒရှင်များကို “ဂျာမနီအတွက် လက်တွေ့ကျသော အစိုးရကောင်းပေါ်ထွက်လာရေး မဲပေးကြရန်” ပြောကြားခဲ့သည်။
အိုလက်စကော့ဇ်သည် မဲရလဒ်အများစုရရှိရန် မရည်ရွယ်ဘဲ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဖန်တီးဖို့ ဦးတည်သည်ဟု ကွန်ဆာဗေးတစ်ပြိုင်ဘက်ပါတီက အိုလက်စကော့ဇ်ကို ဝေဖန်ခဲ့သည်။
ဂျာမနီနိုင်ငံတွင် လက်ရှိအနေအထား၌ ဆိုရှယ်ဒီမိုကရက်နှင့် ကွန်ဆာဗေးတစ်ခေါင်းဆောင်များသာ အာဏာ အတွက် တိုက်ပွဲဝင်နေခြင်းမဟုတ်ဘဲ Greens(ဂရင်းစ်)ပါတီနှင့် အခြားလစ်ဘရယ်ပါတီတစ်ပါတီလည်း ရှိသေးသည်။ အဆိုပါလစ်ဘရယ်ပါတီသည် FDP ပါတီဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးမှုလိုလားသည့်အုပ်စုဟု
ဆိုသည်။
ယင်းလစ်ဘရယ်များနှင့် Greens(ဂရင်းစ်)ပါတီတို့က မဲစုစုပေါင်း၏ ၄ ပုံ ၁ ပုံ စီရရှိခဲ့ကြပြီး ပါတီကြီးနှစ်ခု၏ နောက်တွင် တန်းစီနေဆဲဖြစ်သည်။