၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်‌ဒေသသို့ စားသောက်ကုန် တင်ပို့ခွင့် ပိုမို တင်းကျပ်လာပြီး 'ဝ' ဒေသမှ မြန်မာပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ပိတ်ထားလိုက်ကြောင်း သိရသည်။

'ဝ' ဒေသထဲသို့ ဆန်၊ ဆီ၊ ဆား အစရှိသည့် စားသောက်ကုန် (၁၀)မျိုးကို တင်သွင်းခွင့် ပိတ်ပင်ထားပြီး ယခုကဲ့သို့ ကန့်သတ်မှုများ မလုပ်ဆောင်သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

၎င်းက“ ဝ-နယ်ဆိုတာလည်း ကိုယ့်တိုင်းပြည်ပဲလေ။ ကိုယ့်တိုင်းပြည်ဆိုတဲ့အခါကြတော့ ဒီဟာက ဟိုဘက်ကို ထွက်သွား တာ အလကား ထွက်တာမှ မဟုတ်ဘဲ။ ရောင်းတာပဲ။ ရောင်းတာ၊ ဝယ်တာကို ကျနော်တို့က Export သဘောမျိုး မှတ်ယူ လိုက်ရင် ဒါက အဆင်ပြေမှာပါ။ ပြောချင်တာက ဆန်တို့၊ ဆီတို့ဆိုတာက ပြည်တွင်းမှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးထက် ကျလို့ မဖြစ် ဘူး။ ဈေးကွက်ရှာရမှာ နိုင်ငံခြားပို့ရမှာ။ ပြောချင်တဲ့ သဘောက ပြည်တွင်းမှာတောင်သူလယ်သမားတွေ အခက်အခဲ တွေ့နေတဲ့အချိန် ဈေးကွက်တောင် ရှာရဦးမှာ။ ဒါတွေက ထွက်ခွင့်ပြုရမှာလေ။ ဒီအပေါ်မှာ အခွန်တို့ ဘာတို့ ကတော့ သူ့ ဥပဒေ စည်းကမ်းနဲ့အညီ အခွန်ကောက်တာတွေတော့ ရှိမှာပေါ့ဗျာ” ဟု ပြောသည်။

စားသောက်ကုန်ပစ္စည်းများ အခြားဒေသဆီ မရောက်စေလိုပါက ‘ဝ’ တပ်ဖွဲ့နှင့် နိုင်ငံရေးအရ တွေ့ဆုံ ညှိနှိုင်းသင့်ကြောင်း ရှမ်းပြည်နယ်အတွင်းနေ နိုင်ငံရေးလေ့လာသုံးသပ်သူ ဉီးရဲထွန်းက ပြောသည်။

လက်ရှိမှာတော့ 'ဝ'ဒေသသို့ သွားရောက်မည့် ကုန်ကားများကို တာကောအပ်တံတားအနီးရှိ တပ်မတော်စခန်းတွင် ဝင်ရောက် အစစ်ဆေးခံပြီးမှ သွားရကြောင်း ဒေသခံများက ဆိုသည်။

ပုံ- တပ်မတော်အရာရှိများ UWSA ဒေသသို့ ၂၀၂၀ ခုနှစ်၊ မေလက ရောက်ရှိလာစဉ်(WSTV)

ဦးရဲထွန်းက “လယ်ယာထွက်ကုန်ပစ္စည်းတွေ ပိတ်လေလေ၊ ကိုယ့်ပြည်တွင်းမှာ ဈေးကျလေလေ၊ ကိုယ့်တောင်သူတွေ ဒုက္ခရောက်လေလေဖြစ်မှာပေါ့။ ‘ဝ’ပြည်တွင်းထဲမှာ ‘ဝ’ နယ်ထဲမှာ သုံးတာက ပြဿနာမရှိပါဘူး။ သူတို့နဲ့ ကိုယ်နဲ့ စစ် ဖြစ်နေတာမှ မဟုတ်တာ“ ဟု ပြောသည်။

မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တုန်းကလည်း မိုင်းယောင်းဒေသက တောင်သူများကို တရုတ်ပြည်သို့ ဆန်တင်ပို့ခွင့် ပိတ်တာမျိုး အစိုးရသဘောထား မဟုတ်ဘဲ အောက်က တပ်မှူးအချို့က လုပ်ဆောင်ခဲ့ဖူးကြောင်း ဦးရဲထွန်းက ပြောသည်။

UWSA (၀) ဒေသသို့ စားသောက်ကုန်များ တင်ပို့ခွင့် ပိတ်ထားခြင်းနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ် မေးမြန်းထား သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အလားတူ UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာ၀န်ခံ ဦးညီရမ်းကို ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း လူမှုကွန်ယက် တွင် ပြန်လည်မေးမြန်းရန် ပြောဆိုခဲ့သည့်အတွက် မက်ဆေ့စ်ပို့ မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

'၀' တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)မှ ခွဲထွက်ခဲ့ပြီးနောက် ‘ဝ’ပြည် သွေးစည်း ညီညွှတ်ရေးပါတီ
(UWSP/UWSA)ကို ဖွဲ့စည်း၍ အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးယူခဲ့သည်။

ထို့နောက် အစိုးရဘက်က UWSA ကို အထူးဒေသ(၂)အဖြစ် ‘၀’ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့သည်။ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ် ပေးထားသည်။