၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၂၆

အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံရသည့် ရခိုင်ကျောင်းသားလေးဦးအမှု အယူခံဝင်လျှောက်လဲချက်အား စစ်တွေခရိုင်တရားရုံးမှ ပလပ်လိုက်သည့်အတွက် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ဆက်လက်အယူခံဝင်မည်ဟု အမှုကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေထံမှ သိရသည်။

ရခိုင်ကျောင်းသားလေးဦးအမှု အယူခံဝင်လျှောက်လဲချက်အား စစ်တွေခရိုင်တရားရုံးသို့ စက်တင်ဘာ ၂၃ရက်နေ့က အယူခံတက်ခဲ့သော်လည်း တရားသူကြီးမှ ပလပ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “စစ်တွေခရိုင်တရားသူကြီးကိုယ်တိုင် အမှုကို လက်ခံပေးပြီးတော့ ကြားနာတယ်။ ကျနော့်ကို အမှုလက်ခံရေးအတွက် လျှောက်လဲချက်ပေးခိုင်းတယ်။ ကျနော် လျှောက်လဲချက်ပေးတယ်။ လျှောက်လဲချက်ပေးလို့ပြီးတာနဲ့ ခရိုင်တရားသူကြီးက အမှု နှစ်မှုလုံးကို ပယ်တယ်ဆိုပြီးတော့ အမိန့်ချမှတ်တယ်။ အဲလိုအမိန့်ချမှတ်တဲ့အတွက်ကြောင့် ကျနော်က အဲဒီအမိန့်တွေကို ရခိုင်ပြည်နယ်တရားလွှတ်တော်ကို တက်ဖို့အတွက် စီရင်ချက်ကူးထားတယ်။ နောက်ကလေးတွေနဲ့လည်း ကျနော်အဆက်အသွယ်ရပြီးပြီ” ဟု ပြောသည်။

ထိုကျောင်းသား၄ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၉ အရ ထောင်ဒဏ် ၆ လ ကျခံရန် စက်တင်ဘာ ၁၆ရက်နေ့ ရုံးချိန်းတွင် စစ်တွေမြို့နယ်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ) ၏ အမြင့်ဆုံးပြစ်ဒဏ်မှာ ၂နှစ်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုမှာလည်း အမြင့်ဆုံးပြစ်ဒဏ်မှာ ၆လဖြစ်သည့်အတွက် ကျောင်းသားများအား ယခုကဲ့သို့ ပြစ်ဒဏ်ချခြင်းနှင့် အမှုအယူခံဝင်လျှောက်လဲချက်အား ချက်ချင်းပယ်ဖျက်လိုက်ခြင်းသည် ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မအား မျက်ကွယ်ပြုရာရောက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ဆိုသည်။

၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှုတစ်ခုခုသည် ဥပဒေနှစ်ရပ် (သို့မဟုတ်) နှစ်ရပ်ထက်ပိုသောဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျုးလွန်သူအား ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုတစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မခံစေရဟု ပြန်ဌာန်းထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “ပြောရမယ်ဆိုရင်တော့ ဥပဒေကြောင်းအရ မှားယွင်းတယ်လို့ သဘော သုံးသပ်လို့ရတယ်။ နည်းနည်းများတယ်ဗျာ။ ပြစ်ဒဏ် အမြင့်ဆုံး ပြစ်ဒဏ်ကို ချတာလည်း ကလေးတွေအတွက် တော်တော်နစ်နာတယ် များတယ်။ နောက်ပြီးတော့ ဖြစ်ရပ်တစ်ခုအပေါ်မှာ အမှုနှစ်မှုစွဲဆိုပြီးတော့ နှစ်မှုကို သီးခြား သီးခြားစီ ပြစ်ဒဏ်ချမှတ်တာကလည်း ကလေးတွေအတွက် နစ်နာပါတယ်” ဟု ဆိုသည်။

အဆိုပါကျောင်းသားလေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်က စစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရအလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ယင်းဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲဆိုထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်ဇံဝေမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၂၉ စသည့်ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။