အစ္စလာမ္မာဘတ်၊ စက်တင်ဘာ ၂၄

အားလုံးပါဝင်နိုင်သည့်အစိုးရတစ်ရပ်(an inclusive government)ကို တာလီဘန်တို့ မဖွဲ့နိုင်ပါက အာဖဂန် နစ္စတန်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လာနိုင်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခမ်းက သတိပေးလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက စက်တင်ဘာ ၂၂ ရက်တွင် ရေးသားဖော်ပြသည်။

“သူတို့မှာ အားလုံးပါဝင်နိုင်တဲ့အစိုးရတစ်ရပ်မရှိဘူးဆိုရင် တိုင်းပြည်က ပြည်တွင်းစစ်ထဲ တဖြည်းဖြည်း ကျရောက်သွားလိမ့်မယ်။ အဖွဲ့အစည်း၊ ဂိုဏ်းဂဏအားလုံးကလူတွေ အစိုးရတစ်ရပ်ထဲ မထည့်နိုင်ရင် အနှေးနဲ့ အမြန် ပါကစ္စတန်ကို လာထိပါလိမ့်မယ်” ဟု အီမရန်ခမ်းက ဘီဘီစီကွန်ရက်မှ စက်တင်ဘာ ၂၁ ရက် ထုတ်လွှင့် သော အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

အာဖဂန်ဘက်ခြမ်းတွင် ပြည်တွင်းစစ်ဖြစ်ပွားပါက လူသားချင်းစာနာမှုကူညီရေးနှင့် ဒုက္ခသည်အကျပ်အတည်း ဖြစ်နိုင်ခြေရှိနေကြောင်း၊ ပါကစ္စတန်ကို ဆန့်ကျင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များ အာဖဂန်မြေကို သုံးမည်ကို အဓိကစိုးရိမ်နေရကြောင်း အီမရန်ခမ်းက ဆက်လက်ပြောကြားခဲ့သည်။

“ဒါက အာဖဂန်နစ္စတန် မတည်မငြိမ်နဲ့ ကသောင်းကနင်းဖြစ်မယ့်သဘောပဲဗျ” ဟု ၎င်းက ဆိုသည်။

“အဲဒီနိုင်ငံမှာ မထိန်းချုပ်နိုင်ရင် (ဒါမှမဟုတ်) တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်ဆိုရင် အကြမ်းဖက်သမားတွေ အတွက် စံပြနေရာနေရာတစ်ခုဖြစ်လာမှာပဲ။ ဒါကို ကျနော်တို့စိုးရိမ်ပါတယ်။ ဒါကြောင့် အာဖဂန်မြေပေါ်က အကြမ်းဖက်ဝါဒနဲ့ တစ်ဆင့်ခံဂယက်တွေဟာ လူသားချင်းစာနာမှုနဲ့ဒုက္ခသည်အကျပ်အတည်းတွေအနေနဲ့ ကျနော်တို့ဆီ ရောက်လာမှာ” ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ရှင်းပြသည်။

လက်ရှိအာဖဂန်အစိုးရကို အပြောင်းအလဲပြုလုပ်ရန် အီမရန်ခမ်း၏တိုက်တွန်းချက်အပေါ် တာလီဘန် ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက်မိုဘင်းနည်းတူ တာလီဘန်အဖွဲ့က ယခင်ကပင် ငြင်းဆိုခဲ့ပြီး ၎င်းတို့ အဖွဲ့အနေဖြင့် မည်သူမဆိုအားလုံးပါဝင်နိုင်သည့်အစိုးရတစ်ရပ် တောင်းဆိုပိုင်ခွင့် မပေးထားကြောင်း အခိုင်အမာပြောကြားထားသည်။

“ကျနော်တို့မှာ လွတ်လပ်ခွင့်ရှိပါတယ်။ ပါကစ္စတန်လိုပဲ ကျနော်တို့မှာ ကိုယ်ပိုင်စနစ်ရှိဖို့က ကျနော်တို့ အခွင့်အရေးပါ” ဟု မိုဟာမက်မိုဘင်းက အာဖဂန်ပြည်တွင်း အရီယားနားတီဗီ (Ariana TV) မှ စက်တင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့ပြီး လက်ရှိစနစ်သည် အားလုံးပါဝင်သည့်စနစ်(inclusive) ဖြစ်ကြောင်း ဆိုသည်။