နယူးယောက်၊ စက်တင်ဘာ ၂၄
သံသယဖြစ်ဖွယ် အခွန်ကိစ္စများတွင် ဒေါ်နယ်ထရမ့် ပါဝင်ပတ်သက်သည်ဟု ၂၀၁၈ ခုနှစ်က စွပ်စွဲ ရေးသား ထားသည့် ဆောင်းပါးဖော်ပြခဲ့၍ တူမဖြစ်သူနှင့်နယူးယောက်တိုင်းမ်သတင်းစာကို ၎င်းက တရားစွဲလိုက်ကြောင်း ဘီဘီစီအင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။
စက်တင်ဘာ ၂၁ ရက်က နယူးယောက်တိုင်းမ်သတင်းထောက်များဖြစ်ကြသည့် စူဆန်နေခရိုက်၊ ဒေးဗစ်ဘာစတိုး နှင့် ရပ်ဆဲလ်ဘတ်တနာတို့ကို ထရမ့်၏တူမဖြစ်သူနှင့် အဆက် အသွယ်လုပ်ခြင်း၊ ၎င်းကို ဆန့်ကျင်ရေးသားခြင်း တို့ဖြင့် ဒေါ်နယ်ထရမ့်ဘက်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
နယူးယောက်မြို့တရားရုံးတွင် ယင်းသို့တရားစွဲဆိုခဲ့ရာ၌ တူမဖြစ်သူ မေရီထရမ့်နှင့်သတင်းစာတိုက်မှ သတင်းထောက်များသည် အတွင်းရေးစာရွက်စာတမ်းများ ရယူရန် လျှို့ဝှက်ပူးပေါင်းကြံစည်ကြကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲထားသည်။
အသက် ၅၆ နှစ်ရှိ မေရီထရမ့်သည် စာရွက်စာတမ်းများ ထုတ်ဖော်ခြင်းမှ တားမြစ်ထားသည့်သဘောတူညီမှုကို ချိုးဖောက်ခဲ့ကြောင်း စွဲချက်ထဲတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ တရားစွဲခံရခြင်းသည် စိတ်ပျက်ဖွယ်ကောင်းကြောင်း မေရီထရမ့်က တုံ့ပြန်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်က ပြောကြားခဲ့သမျှမှတ်တမ်းအားလုံး၏ဇစ်မြစ်အဖြစ် မေရီထရမ့်က သူ့ကိုယ်သူ ဖွင့်ချခဲ့သည်။
“ကမ္ဘာပေါ် အန္တရာယ်အရှိဆုံးလူသား ကျမတို့မိသားစုထဲ ပေါက်ဖွားလာပုံ” အစရှိသည့် တူမ၏ ပြောဆို ရေးသားချက်များနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်က ပယ်ချခဲ့ပြီး ပုံနှိပ်ထုတ်ဝေခြင်းကို တားဆီးရန် တရားစွဲဆို ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
“ဒေါ်နယ်ဂျေထရမ့်၏လျှို့ဝှက်အခွန်မှတ်တမ်းများ ရယူရန် ကြိုးစားခဲ့ကြသော နယူးယောက်တိုင်းမ် သတင်းသမားတစ်စုနှင့် မှတ်တမ်းများခိုးထုတ်ရန် စည်းရုံးခံရသူ ၎င်း၏တူမ မေရီတို့ ပူးပေါင်းခဲ့ကြောင်း” တရားစွဲဆိုထားသည့် ရုံးစာတွင် ဖော်ပြထားသည်။
နယူးယောက်တိုင်းမ်သတင်းစာ၏ရေးသားဖော်ပြချက်သည် ထရမ့်အား သိသာထင်ရှားစွာ ဆုံးရှုံးနစ်နာစေခဲ့ သည်ဟု စွပ်စွဲထားပြီး ထိုနစ်နာမှုအတွက် ဒေါ်လာသန်း ၁၀၀ ထက်မနည်းသော လျော်ကြေးတောင်းခံကြောင်း ရုံးစာတွင် ဆက်လက်ဖော်ပြသည်။
နယူးယောက်တိုင်းမ်သတင်းစာတိုက်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်လီရိုးဒက်ဟက “မိမိတို့သတင်းစာအနေဖြင့် မစ္စတာထရမ့်၏အခွန်များနှင့်ပတ်သက်၍ အများပြည်သူအကျိုးစီးပွားအတွက် ဦးတည်ကာ အကြောင်းအရာတစ်ခု အပေါ် စေ့စပ်သေချာစွာဖြင့် ပြည်သူများကို အသိပေးခြင်းဖြစ်ကြောင်း” တုံ့ပြန်ပြောကြားခဲ့သည်။