ဂျနီဗာ၊စက်တင်ဘာ ၂၄
မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်ရေးအောက်၌ လူ့အခွင့်အရေးအခြေအနေဆိုးဝါးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချယ်ဘက်ချက်လက်က သတိပေးလိုက်ပြီး ပြည်တွင်းပဋိပက္ခ ပိုမို မဆိုး လာအောင် အရေးယူလုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။
“နိုင်ငံရဲ့နောက်ဆက်တွဲအခြေအနေတွေက ဆိုးရွားပြီး ကြေကွဲစရာပါ။ ဒေသတွင်းအကျိုးဆက်တွေကိုလည်း သက်ရောက်နိုင်တယ်” ဟု စက်တင်ဘာ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် မီချယ်ဘက်ချက်လက်က ပြောကြားထားသည်။
“ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ ပဋိပက္ခတွေ ပိုမကျယ်ပြန့်လာခင် အချိန်မနှောင်းမီမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အားထုတ်မှုတွေ နှစ်ဆတိုးရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်ပေါ်ခဲ့ပြီး ဒီမိုကရေစီသို့ လှမ်းနေသည့် ၁၀ နှစ်တာ ခြေလှမ်းများ တုံ့ဆိုင်းကာ ပြည်တွင်းပြည်ပ၌ မကျေမနပ်မှုများစွာ ပေါ်ပေါက်လာခဲ့သည်။
အာဏာသိမ်းချိန်မှစ၍ စစ်တပ်ကို ဆန့်ကျင်သော သပိတ်မှောက်မှုများ၊ ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁,၁၂၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ၏အဆိုအရ သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြိုခွင်း ခံခဲ့ရမှုများရှိခဲ့ပြီး လူပေါင်းထောင်နှင့်ချီ၍ ဖမ်းဆီးခံထားရသည်။
ဒေသအသီးသီးတွင် ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာကာ စစ်တပ်နှင့်တိုက်ပွဲများ ဖြစ်ပွားခြင်း၊ လူပေါင်း ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းများရှိခဲ့ပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ပါ ထွက်ပြေးတိမ်းရှောင်သူများ ရှိနေဆဲဖြစ်သည်။
စက်တင်ဘာ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ လုံခြုံရေးတပ်ဖွဲ့များက လူနေအိမ်များ မီးရှို့ဖျက်ဆီးပြီး ဒေသခံများကို ပစ်ခတ်ခဲ့ခြင်း၊ ကျေးရွာများမှ အရပ်သားများကို အတင်း အကြပ်မောင်းထုတ်ခြင်းများ ရှိခဲ့သည်။
အာဏာသိမ်းမှုဆန့်ကျင်သောအဖွဲ့များနှင့် စစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ်မှ လူပေါင်း ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း အလားတူအကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည်။
ပဋိပက္ခများအတွင်း စစ်တပ်က အရပ်သားများကို လက်နက်သုံး၍ နှိမ်နင်းခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ဖြန့်ကြက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မီချယ်ဘက်ချက်လက်က ဆက်လက် ပြောကြားသည်။
အနည်းဆုံးတိုင်းဒေသကြီးနှင့်ပြည်နယ် ၅ ခုတို့တွင် စက်တင်ဘာ ၂၃ ရက်က လူသေစေနိုင်သည့် အကြမ်း ဖက်မှုများ ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ထိုဖြစ်စဉ်များတွင် ယခုလအစောပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မဟာမိတ်ပြည်သူ့စစ်များက လက်လုပ်ဗုံးများ အသုံးပြုခြင်းလည်း အပါအဝင်ဖြစ်သည်။