နယူးယောက်၊စက်တင်ဘာ ၂၅
ဗြိတိန်မင်းသားကြီး အင်ဒရူးကို တရားစွဲဆိုသည့် အရပ်ဘက် ဥပဒေရေးရာစာရွက်စာတမ်းများကို ဗြိတိသျှ နန်းတွင်းတော်ဝင်မိသားစုထံသို့ ဖဲဒက်စ်(FedEx)အမည်ရှိ အမြန်ချောပို့ဝန်ဆောင်မှုမှလည်းကောင်း၊ အီးမေးလ်မှလည်းကောင်း စက်တင်ဘာ ၂၀ ရက်က ပေးပို့ခဲ့ကြောင်း စီအင်န်အင်န်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အဲလိဇဘက်ဘုရင်မကြီး၏ ဒုတိယသားတော် အင်ဒရူးသည် နယူးယောက်မြို့၌ ၎င်းအားတရားစွဲဆိုသူ ဗာဂျီးနီးယားရောဘတ်ဂိုင်ဖရီအား လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခဲ့ကြောင်း စွပ်စွဲခံထားရသည်။
စီအင်န်အင်န်မှ စုံစမ်းသိရှိရသော အဆိုပါ တရားစွဲဆိုထားသည့် အမေရိကန်တရားရုံးစာရွက်စာတမ်းများသည် လော့အင်ဂျလိစ်မြို့ရှိ လာဘေးနှင့်စင်ဂါ (Lavely and Singer) ဥပဒေအကျိုးဆောင်ကုမ္ပဏီထံသို့ စက်တင်ဘာ ၂၀ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီကျော်က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထိုနေ့၌ပင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ တော်ဝင်မိသားစုဆိုင်ရာတရားရုံးများသို့ စာရွက်စာတမ်းများ ပေးပို့ခဲ့ကြောင်း တရားရုံးမှတ်တမ်းအရ သိရသည်။
စွဲဆိုထားသည့်အမှုသည် လန်ဒန်မြို့၊ နယူးယောက်မြို့နှင့် အမေရိကန်ဗာဂျင်ကျွန်းတို့တွင် ကျူးလွန်ခံရခြင်း ဖြစ်ကြောင်း၊ ကျူးလွန်ခံရသူမှာ အသက် ၁၇ နှစ်သမီးအရွယ်တွင် အင်ဒရူးမင်းသား၏ စတင်အာရုံစိုက်ခြင်း ခံခဲ့ရကြောင်း ရုံးတော်သို့ ဦးတိုက်လျှောက်ထားသူ အမျိုးသမီး ဗာဂျီးနီးယားရောဘတ်ဂိုင်ဖရီက ပြောသည်။ ဒါ့အပြင် နောက်ပိုင်းကာလများတွင်လည်း လိင်ပိုင်းဆိုင်ရာပြစ်မှုရာဇဝင်ရှိသူ ဂျက်ဖရီအက်စတိန်း၏ လူကုန် ကူးခြင်းလည်းခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
အသက် ၆၁ နှစ်အရွယ်ရှိ အင်ဒရူးမင်းသားသည် ၎င်း၏ဖြစ်စဉ်များနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်ကတည်းက ဘီဘီစီသတင်းဌာနသို့ အတိအလင်းငြင်းဆိုခဲ့သည်။ အင်ဒရူး၏ရှေ့နေ ဘရတ်တလာက ထိုအမှုသည် အခြေအမြစ်မရှိ၊ တရားမဝင်သည့်အလားအလာရှိကြောင်း မှတ်ချက်ချခဲ့သည်။
၂၀၀၉ ခုနှစ်ကတည်းက ဂိုင်ဖရီနှင့်ဂျက်ဖရီအက်စတိန်းတို့အကြား ပြေလည်မှုရခဲ့၍ မင်းသားကြီးအင်ဒရူးထံတွင် ဥပဒေကြောင်းအရ တာဝန်ယူရမှုမှ လွတ်မြောက်ခဲ့ကြောင်း အင်ဒရူး၏ရှေ့နေအဖွဲ့က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က အမေရိကန်ခရိုင်တရားသူကြီး လဲဝစ်ကပ္ပလန်အနေဖြင့် အင်ဒရူးအပေါ် တရားစွဲဆိုရန် အခြားနည်းလမ်းများရှာဖို့ ဂိုင်ဖရီ၏ရှေ့နေအဖွဲ့ထံမှ တောင်းဆိုချက်ကို အတည်ပြုပေးခဲ့သည်။
ဂိုင်ဖရီ၏ရှေ့နေတစ်ဦးဖြစ်သူ ဒေးဗစ်ဘို့စ်က “အမှုကိစ္စအတွက် ကျနော်တို့လိုက်နေပါတယ်။ မစ္စဂိုင်ဖရီရဲ့ တောင်းဆိုချက်တွေကို ဆက်လက်ဖြေရှင်းသွားမှာပါ” ဟု စီအင်န်အင်န်သို့ စက်တင်ဘာ ၂၁ ရက်က ပြောကြား ခဲ့သည်။
မင်းသားကြီးအင်ဒရူး၏ရှေ့နေအဖွဲ့ထံသို့ စီအင်န်အင်န်က ဆက်သွယ်၍ သဘောထားမှတ်ချက် တောင်းခံခဲ့ သော်လည်း ၎င်းတို့က ငြင်းဆိုခဲ့သည်။