ဝါရှင်တန်၊ စက်တင်ဘာ ၂၅

ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုးသည် သူမအပေါ် စွဲချက်တင်ခံရသည့် ဘဏ်လုပ်ငန်းဆိုင်ရာ လိမ်လည်မှုများအဆုံးသတ်ရန် အမေရိကန်အစိုးရရှေ့နေများနှင့် သဘောတူညီမှုရရှိပြီးနောက် စက်တင်ဘာ ၂၄ ရက်က မိခင်တိုင်းပြည်တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် ပြန်လာနိုင်ပြီဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

မန်ဝမ်ကျိုးအမှုသည် တရုတ်နှင့်အမေရိကန်တို့အကြား တင်းမာမှုကိုလည်း ပြေလျော့စေခဲ့ကြောင်း ရိုက်တာက ဆက်လက်ရေးသားထားသည်။

မန်ဝမ်ကျိုးသည် ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့ နိုင်ငံတကာလေဆိပ်တွင် ၂၀၁၈ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး ၎င်းအပေါ် အီရန်နိုင်ငံအား ဟွာဝေးဆက်သွယ်ရေးကိရိယာများ ၂၀၁၃ ခုနှစ်၌ လိမ်လည်ရောင်းချမှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ စွဲချက်များ တင်ခဲ့သည်။

မန်ဝမ်ကျိုးကို ပြန်လွှတ်ပေးသည့် သဘောတူညီချက်သတင်းထွက်ပေါ်လာပြီး နာရီပိုင်းအကြာ၌ သူမနှင့် တပြိုင်တည်းဆိုသလို ဖမ်းဆီးခံထားရသည့် ကနေဒါနိုင်ငံသားနှစ်ဦးမှာလည်း တရုတ်အကျဉ်းထောင်များမှ ပြန်လွတ်လာခဲ့ပြီး ကနေဒါနိုင်ငံသို့ ပြန်လာနိုင်ခဲ့သည်။ မန်ဝမ်ကျိုးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ကနေဒါနိုင်ငံ တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကနေဒါနိုင်ငံသားများကို ဖမ်းရသည့်အကြောင်းရင်းမှာ မန်ဝမ်ကျိုးနှင့်ပတ်သက်မှု မရှိကြောင်း ဘေဂျင်းက ယခင်ကတည်းက ငြင်းဆိုထားခဲ့သည်။

အဆိုပါဖမ်းဆီးခံထားရသူများ အရေးကိစ္စသည် ဘေဂျင်းနှင့်ဝါရှင်တန်တို့အကြား ဆက်ဆံရေး ပိုမို တင်းမာ လာစေရန် အဓိကအကြောင်းရင်းများဖြစ်ခဲ့ပြီး သံတမန်ရေးအရ ရှေ့မတိုးသာ၊ နောက်မဆုတ်သာဖြစ်နေမှုကို အဆုံးသတ်လိုကြောင်း တရုတ်အစိုးရတာဝန်ရှိသူများက အချက်ပြခဲ့သည်။

ဘိုင်ဒန်အစိုးရလက်ထက်တွင်လည်း တရုတ်ထိပ်တန်းကုမ္ပဏီများသည် နှစ်နိုင်ငံကြား ကမ္ဘာ့အဆင့် နည်းပညာ ပြိုင်ဆိုင်မှု၏ ဗဟိုဆုံချက်တွင် ရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးသဘောထားတင်းမာသူများက စောဒက တက်ခဲ့ကြသည်။

၎င်းအပေါ် တရားစွဲဆိုမှုဆိုင်းငံ့ထားရန် မန်ဝမ်ကျိုးနှင့် အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက်၌ ရိုက်တာက သတင်းဖော်ပြပြီးဖြစ်သည်။

“မန်ဝန်ကျိုးဟာ ကမ္ဘာလုံးဆိုင်ရာငွေကြေးအဖွဲ့အစည်းကို လိမ်လည်မှုကျူးလွန်ရာမှာ သူ့အနေနဲ့ အဓိက အခန်းကဏ္ဍမှာ ရှိနေပါတယ်” ဟု ဘရွတ်ကလင်ရှိ ယာယီအမေရိကန်ရှေ့နေ နီကိုးလ်ဘွတ်ခ်မင်းက ပြောကြားခဲ့သည်။

ယခု ပြန်လွှတ်ပေးလိုက်သည့် သဘောတူညီချက်မှာ မန်ဝမ်ကျိုးနှင့်သာ သက်ဆိုင်ပြီး အမေရိကန် တရားရေး ဌာနက တရုတ်၏ဟွာဝေးကုမ္ပဏီကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းနှင့် ၎င်းအမှုကို တရားရုံးတွင် သက်သေ ပြရန် မျှော်လင့်ကြောင်း နီကိုးလ်ဘွတ်ခ်မင်းက ပြောကြားခဲ့သည်။