နယူးယောက်၊ စက်တင်ဘာ ၂၅

ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နယူးယောက်မြို့၊ ကုလသမဂ္ဂရှိ မြန်မာကိုယ်စားပြုနေရာအတွက် အပြိုင်တောင်းဆိုနေသည့်ကြားမှ လက်ရှိ မြန်မာကိုယ်စားလှယ်အနေဖြင့် လာမည့် ရက်သတ္တပတ်၌ မိန့်ခွန်းပြောရန် အစီအစဉ်မရှိတော့ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြ သည်။

“အဲဒီအချိန်မှာ မြန်မာနိုင်ငံက ပြောခွင့်ရမှာ မဟုတ်ဘူး” ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ် (Stephane Dujarric)က စက်တင်ဘာ ၂၄ ရက်တွင် ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရမှ ခန့်အပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ လက်ရှိ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် တက်ရောက်သူစုစုပေါင်း ၁၉၃ ဦးရှိသည့် အထွေထွေညီလာခံ၏ နောက်ဆုံး အစည်းအဝေးကျင်းပမည့် စက်တင်ဘာ ၂၇ ရက်တွင် မိန့်ခွန်းပြောကြားရန် ကနဦး၌ မျှော်လင့်ထားခဲ့သည်။

သို့သော် တရုတ်၊ ရုရှားနှင့်အမေရိကန်တို့က နားလည်မှုတစ်ခု ရှိထားကြောင်း သံတမန်များက ထုတ်ဖော် ပြောကြားကြသည်။ အဆိုပါနားလည်မှုအရ ယခုအဆင့်မြင့်အစည်းအဝေးအတွင်း ဦးကျော်မိုးထွန်း စကားမပြော သရွေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်အဖြစ် ဆက်လက်တည်ရှိနေမှုကို ဘေဂျင်းနှင့် မော်စကိုတို့က မကန့်ကွက်ကြောင်း သိရသည်။

“မိန့်ခွန်းပြောမယ့်သူစာရင်းကနေ ကျနော် ထွက်ရပြီး အခုလာမယ့်အခြေအတင်ဆွေးနွေးမှုမှာ မပြောဖြစ်တော့ ဘူး” ဟု ဦးကျော်မိုးထွန်းက ရိုက်တာသတင်းဌာနသို့ ပြောသည်။ ကုလသမဂ္ဂအဆုံးအဖြတ်ကော်မတီ၊ ရုရှား၊ တရုတ်နှင့်အမေရိကန်တို့အကြား နားလည်မှုကို မိမိသတိပြုမိကြောင်း ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

မြန်မာစစ်တပ်က ဦးအောင်သူရိန်ကို ကုလသမဂ္ဂသံတမန်အဖြစ် ခန့်အပ်ရန် ကုလသမဂ္ဂသို့ ကမ်းလှမ်းထားသလို တစ်ချိန်တည်းမှာပင် ဦးကျော်မိုးထွန်းက ၎င်းကို ကုလသမဂ္ဂအသိ အမှတ်ပြု သက်တမ်းတိုးဖို့ တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂအသိအမှတ်ပြုခြင်းဆိုင်ရာကိစ္စရပ်များကို အဖွဲ့ဝင် ၉ ဦးပါ ကော်မတီတစ်ခု ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ယင်းကော်မတီတွင် အမေရိကန်၊ တရုတ်နှင့် ရုရှားတို့လည်း ပါဝင်ခဲ့သည်။ အဆိုပါကော်မတီသည် အစဉ်အလာ အားဖြင့် နှစ်တိုင်း အောက်တိုဘာလ(သို့မဟုတ်)နိုဝင်ဘာလတွင် အစည်းအဝေးခေါ်ယူပြီး ကိစ္စရပ်များကို စဉ်းစား ဆုံးဖြတ်လေ့ရှိသည်။

ယုံကြည်စိတ်ချရသော အဆိုပါကော်မတီ၏ဆုံးဖြတ်ချက် မပေါ်ထွက်လာမီအထိ ဦးကျော်မိုးထွန်းသည် အထွေထွေ ညီလာခံစည်းမျဉ်းများအရ ကုလသမဂ္ဂထဲရှိ မြန်မာကိုယ်စားပြု ထိုင်ခုံတွင် ဆက်လက် ထိုင်နေခွင့်ရှိမည် ဖြစ်သည်။ အဆိုပါ တူညီသော စည်းမျဉ်းများသည် ယခုကာလ၌ အာဖဂန်နစ္စတန်သံတမန်နှင့်လည်း သက်ဆိုင်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ဒေါ်အောင်ဆန်းစုကြည်၏အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့သောကြောင့် မြန်မာနိုင်ငံ တွင် စစ်တပ်ကို ဆန့်ကျင်သည့် ဆန့်ကျင်ကန့်ကွက်မှုများ နိုင်ငံတစ်ဝန်းလုံးမှာ ဖြစ်ပေါ်ခဲ့သည်။

ယခုလ အစောပိုင်းက စစ်တပ်မှ ဖြုတ်ချခြင်းခံရသော လွှတ်တော်အမတ်များက ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးစစ်ပွဲတစ်ခုကို ကြေညာလိုက်ပြီးနောက် စစ်တပ်ကို တိုက်ခိုက်မှုများ တိုးလာခဲ့သည်။