CNI

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၅

ဒီမိုကရေစီနည်းလမ်း မကျသည့် လက်နက်ကိုင်ဖြင့် အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုးကို မလိုလားဘူးဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)အစည်းအဝေး (၁၅/၂၀၂၁)ကို ကျင်းပစဉ် ပြောခဲ့သည်။

အဆိုပါ ပြောစကားနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူတို့ကို CNI သတင်းဌာနက ဆက်သွယ်၍ သဘောထားမှတ်ချက်များ မေးမြန်းထားသည်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)

မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအားလုံး ရှေးယခင်ကတည်းက စုပေါင်းနေ ထိုင်ခဲ့ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ အိမ်နီး ချင်းနိုင်ငံများနှင့် နယ်နိမိတ်သတ်မှတ်ချက်များတည်ရှိပြီး အချုပ် အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများအားလုံး တူညီသည့် စိတ်ဆန္ဒ၊ တူညီသည့် အခွင့်အရေးများဖြင့် နေထိုင်ကြရန်လိုကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သဘော ထား ကွဲလွဲသည့် နိုင်ငံရေးသမားများအနေဖြင့်လည်း ပါတီစုံဒီမိုကရေစီစနစ် အပေါ်တွင် မှန်ကန်သည့်အမြင်ဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း။

နိုင်ငံတကာတွင်လည်း ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖော်ဆောင်ကြကြောင်း၊ ထိုသို့ ငြိမ်းချမ်းစွာ ဆောင် ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီနည်းလမ်း မကျသည့် လက်နက်ဖြင့် အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုးကို မလိုလားကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံအုပ်ချုပ်ရေးနှင့် ပတ် သက်၍ တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာ အရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း။

စိုင်းညွှန့်လွင် (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်/SNLD)

အဲတာ တခြားလူကပြောရမှာလေနော်၊ ဒါလည်း လူတိုင်းသိနေတာပဲ လူတိုင်းသိတဲ့ဥစ္စာကို သူအဲလိုပြောတယ်ဆိုတော့ ဘယ်ဟုတ်တော့မလဲ။ အခုက လက်နက်က ဘယ်သူ့ဆီမှာ ရှိသလဲ၊ ကျနော်ပြောချင်တာ တစ်ခုရှိတယ်ဗျ။ အဲတာက အာဏာကို ထိန်းသိမ်းထားတဲ့လူဆိုရင် ဥပဒေကိုပါ ထိန်းသိမ်းထားရမှာ ဥပဒေကိုပါ ထိန်းသိမ်းထားရမှာဖြစ်တဲ့အတွက် ဥပဒေနဲ့ညီအောင် လုပ်ဖို့လိုတယ်။ ကိုယ့်ဘက်က စပြီးတော့ ဥပဒေနဲ့ ညီအောင်လုပ်ဖို့လိုတယ်။

ခွန်မြင့်ထွန်း (ဒုဥက္ကဋ္ဌ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/PNLO)

ဟုတ်ကဲ့ ဒီနေ့ အခြေအနေမှာနဲ့တော့ ကိုက်ညီမှုမရှိဘူး စပ်ဟတ်မှုမရှိဘူးလို့ ဒီလိုပဲ ထင်ပါတယ်။ အဓိကတော့ ဒီလက်နက် ကိုင် တော်လှန်ရေးအပါအဝင်ပေါ့နော်။ ပြည်သူလူထုရဲ့ အုံကြွမှုတွေ တော်လှန်မှုတွေရဲ့ အကြောင်းအရင်းကို သေချာ အရင်းအမြစ်ကို ရှာဖွေပြီးတော့ ဖြေရှင်းဖို့က အဓိကကျပါတယ်။

ကျနော်တို့ နားလည်တာကတော့ လက်နက်ကိုင်တော်လှန်ရေးက ဘယ်အခါမှာ ပေါ်ပေါက်သလဲဆိုရင် တိုင်းပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းသွားတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေးဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ပါးစပ်နဲ့ပြောပြီး ရှင်းကြလို့ မရကြဘူးဆိုရင်တော့ သေနတ်နဲ့ရှင်းကြတာပဲ။ ပါးစပ်နဲ့ရှင်းမရတဲ့အချိန်မှာ သေနတ်နဲ့ ရှင်းကြ တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီ ဆိတ်သုဉ်းသတဲ့ ဆိတ်သုဉ်း သွးကြမယ်ဆိုရင်တော့ လက်နက်ကိုင်တော်လှန်ရေးဆိုတာ ပိုပြီးတော့ ပြင်းထန်လာမှာပဲလို့ ကျနော်က အဲလိုမြင်ပါတယ်။

ကျနော်တို့မြင်တာကတော့ လူထုဆန္ဒအပေါ်မှာ ရပ်တည်ပြီး ဖော်ဆောင်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတိုင်းတော့ အောင်မြင်မှု ရကြမှာပဲ၊ လူထုဆန္ဒနဲ့ဆန့်ကျင်ရင်တော့ ကျရှုံးမှာပဲ။အဲတော့ ကျနော်တို့က ဒီမိုကရေစီကို ပြောကြတဲ့အခါမှာ လူထုဆန္ဒနဲ့ အညီက အဓိကကျပါတယ်လို့။

ဦးရဲထွန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)

အဲဒီပြောစကားကတော့ မှန်တာပေါ့လို့ လက်နက်နဲ့ခြိမ်းခြောက်ပြီးတော့ ဟိုဟာဖြစ်တယ်ဆိုတာက လက်နက်ကိုင်အဖွဲ့ အစည်းဆိုတာ တပ်မတော်ပေါ့ဗျာ၊ တပ်မတော် အပါအဝင်ပေါ့နော်။ အဲတော့ ပြောရမယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့စကားက သိပ်မှန်ပါတယ်လို့။ အဲပြောတဲ့အထဲမှာ တပ်မတော်လည်း အပါအဝင်ဖြစ်ပါတယ်ဆိုလို့ ရှိရင်တော့ ပိုပြည့်စုံသွားမှာပေါ့။