CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ ခရီးစဉ်မှာ တိုင်းပြည်အတွက် အကျိုး သက်ရောက်မှု ရှိဦးမှာ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သို့ ပြောသည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ပြစ်ဒဏ်စီရင်ပြီးနောက် ကုလသမဂ္ဂအနေဖြင့် နစကနှင့် တွေ့ဆုံမှုမှာ တိုင်းပြည်အတွက် တိုးတက်မှု ပြောပလောက်အောင် သက်‌ရောက်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

ခွန်မြင့်ထွန်းက “ကျနော်က တစ်ခုပဲ ပြောရမယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့ ဆက်ဆံရေးပဲ ပြောပြော၊ အခု ကိုဂျင်မီတို့၊ ဖြိုးဇေယျာသော်တို့၊ ကိုသူရအောင်တို့ အပါအဝင်ပေါ့နော်၊ လေးဦးကို ဒီလိုမျိုး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာတစ်ခုလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ ကြားကနေပြီးတော့မှ ဒီလို ကွပ်မျက်ခဲ့တာ။ ကွပ်မျက် ခဲ့တာဖြစ်တဲ့ အခါကြတော့ ဒီနေ့ ကုလသမဂ္ဂကနေပြီးတော့ ဒီလို စစ်ကောင်စီနဲ့ တွေ့တယ်ဆိုတဲ့ဟာကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိ တိုးတက်မှု ဖြစ်စဉ်အပေါ်မှာ‌တော့ ပြောပလောက်အောင်တော့ သက်ရောက်မှု ရှိဦးမှာ မဟုတ်ဘူးလို့ ကျ‌နော် အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေး ထား ပြီး ဖြစ်သည်။

ဒီမိုကရေစီအရေး တောင်းဆိုကြသူများ (ဖရွန်းတီးယားမြန်မာ)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေဖြင့် တစ်နှစ်ခွဲအတွင်းမှာ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်မှာ အပြောင်းအလဲ ကြီးကြီးမားမား မရှိနိုင်သေးကြောင်း၊ သို့သော်လည်း လက်ရှိ တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို တစ်ခုချင်းစီ ချဉ်းကပ်သွားရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။

နန်းယဉ်ယဉ်စိုးက “လက်ရှိ အခြေအနေတွေပေါ်မှာ ဘယ်လောက်အထိ ဖြေရှင်းနိုင်မလဲဆိုတဲ့ အနေအထားလည်း ရှိသေးတာကို။ ဆိုတဲ့အခါကြတော့ အတိအကျကြီး ပြောဖို့ဆိုတာထက် ဆွေးနွေးတဲ့ ရလဒ်ပေါ်မှာပဲ ပထဦးဆုံး အနေနဲ့ ချဉ်းကပ်မှု အပိုင်းကတော့ ဘယ်လို ပုံစံနဲ့ ဆွေးနွေးကြမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ် ပြီးတော့မှ အစ်မတို့ တစ်ဆင့်ချင်းတော့ သွားရမှာပေါ့။ ဒါကလည်း တစ်နှစ်ခွဲအတွင်းမှာ သူ့ကို ပထမဦးဆုံးအကြိမ် SAC ဘက် ကလည်း ပြန်ပြီးတော့မှ ပြည်ဝင်ခွင့်ပေးတဲ့ သဘောအပေါ်မှာ ဘယ်လို တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပြုလုပ်ကြမလဲ ဆိုတာတော့ အစ်မတို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီကနေ တဆင့်ပြီးတော့မှ အစ်မတို့ နောက်တဆင့်ကို ပြန် ပြီး တက်လှမ်းရမှာပေါ့နော်၊ ဥပမာ ပရတ်ဆိုခွန် ခရီးစဉ်လိုပေါ့၊ ပထမတစ်ကြိမ်လာတယ်၊ ဒုတိယတစ်ကြိမ် လာ တယ်၊ အဲဒီလိုမျိုး ပုံစံလေးတွေနဲ့တော့ ချဉ်းကပ် သွားရမယ်လို့ မြင်တယ်၊ Research ကြီးကြီးမားမား၊ တိတိကျကျ နဲ့ သွားဖို့ဆိုတာကတော့ ဆွေးနွေးတဲ့ ရလဒ်ပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြောသည်။

လက်ရှိတိုင်းပြည်၏ အရေးကိစ္စကို ကုလသမဂ္ဂအနေဖြင့် အလေးထား ဖြေရှင်းရန် လိုအပ်ကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

PPST အဖွဲ့၀င်များနဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန် တွေ့ဆုံစဉ်

၎င်းက “ကုလသမဂ္ဂကတော့ ဒါအခု စစ်ကောင်စီကို တရားဝင်မှု ပေးတာမဟုတ်ဘူးဆိုတာ ကြိုတင်ပြီး ထုတ်ပြန် တာကိုက ကျနော်တို့ တရားရုံးမှာ သမ္မတကြီးဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်ကလည်း အဓိက ကျပါတယ်။ ဘာလို့လဲ ဆိုတော့ စစ်ကောင်စီကို စစ်ကောင်စီက အာဏာလွှဲယူတယ်လို့ ပြောတယ်၊ တကယ့်တကယ်က အာဏာသိမ်း ထားတယ်၊ သမ္မတကြီး ဦးဝင်းမြင့်က သူအာဏာသိမ်း ခံထားရတယ် ဆိုတာကိုလည်း တရားရုံးမှာ ပြောထားတယ် ဆိုတော့ ဒါကြောင့် ကုလသမဂ္ဂကတော့ စစ်ကောင်စီကို အသိအမှတ် ပြုဖို့ကတော့ အခက်အခဲ အများကြီးရှိမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တိုင်းပြည်ရဲ့ အရေးကိစ္စကို ကုလသမဂ္ဂက အလေးအနက်ထားပြီး ဖြေရှင်းတယ်ဆိုတာ ဖြစ်ဖို့ကတော့ လိုတယ်၊ ဖြစ်ဖို့လိုတော့ ဒီကိုဂျင်မီ အပါအဝင် လေး ယောက်ကို ဒီလို သေဒဏ်ပေး ကွပ်မျက်ခဲ့တဲ့ဟာက နိုင်ငံတကာ အသိုင်းအဝိုင်း တစ်စုံလုံးကနေပြီးတော့ တစ်ခု လုံး ကနေပြီးတော့ ကန့်ကွက်တဲ့ကြားက လုပ်ခဲ့တာဖြစ်တယ်၊ လုပ်ခဲ့တာဖြစ်တဲ့ အခါကြတော့ စစ်ကောင်စီ အနေ နဲ့ကတော့ ဒီအချိန်မှာ ဘယ်သူနဲ့ပဲ တွေ့ရတွေ့ရ အသိအမှတ် ပြုတယ်လို့ပဲ ပြောပြော၊ အသိအမှတ် မပြုဘူးလို့ပဲ ပြောပြော သူ့အတွက်ကတော့ ဒါကတော့ ကောက်ရိုးလေး တစ်မျှင်လို ဖြစ်မှာပေါ့” ဟု ပြောသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် နစကတို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

မစ္စနိုလင်းဟေဇာ၏ ရုံးကတော့ ဖမ်းဆီးထားသော လူငယ်များကို ပြန်လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့် ရေး ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။