ဒီမာပူရ် (နာဂလန်း)၊ စက်တင်ဘာ ၂၂
မကြာသေးမီက အိန္ဒိယဗဟိုအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားသော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN-K)ကနေ ခွဲထွက်လာသည့် ခွဲထွက်ခေါင်းဆောင် နီကီဆူမီ (Niki Sumi)က နာဂနိုင်ငံရေး ပြဿနာအတွက် “အားလုံးပါဝင်သည့် အဖြေတစ်ခု” (one inclusive solution) ရှိသင့်ကြောင်း စက်တင်ဘာ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း eastmojo.com က ရေးသားထားသည်။
ဒီမာပူရ်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် နီကီဆူမီက အိန္ဒိယဗဟိုအစိုးရနှင့် စားပွဲဝိုင်းထိုင် ညှိနှိုင်းသည့် နာဂ အဖွဲ့ အစည်း အားလုံးသည် နာဂလူမျိုးအားလုံး၏ဆန္ဒပင် ဖြစ်ကြောင်း၊ နာဂလန်းအစိုးရနှင့် ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့ အစည်း များသည် နာဂအုပ်စုများအတွက် ဆယ်စုနှစ်များစွာ ကြာမြင့်နေသည့် ပြဿနာအပေါ် အဆင်ပြေချောမွေ့စေမည့် နည်းလမ်း တစ်ခုကို ရှာဖွေရန် တောင်းဆိုခဲ့သည်။
ပြဿနာအတွက် အဖြေမှာ နာဂနိုင်ငံရေးအုပ်စုများ၏ လက်ထဲတွင်သာ ရှိသည်မဟုတ်ဘဲ နာဂလူမျိုးများ၏ လက်ထဲတွင် ရှိနေကြောင်း နီကီဆူမီက ပြောသည်။ ၎င်းသည် စက်တင်ဘာ ၈ ရက်က ဗဟိုအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသူ ဖြစ်သည်။
ယေဘုယျအားဖြင့် အားလုံးပါဝင် ဆုံးဖြတ်ချက်ချနိုင်သော အဖြေတစ်ခုကိုရရန် အလွန်အရေးကြီးကြောင်း NSCN-K မှ ခွဲထွက် သွားသည့် နီကီဆူမီက ဆိုသည်။
ပုံ- NSCN-K မှ နီကီဆူမီနဲ့အတူ ခွဲထွက်လာတဲ့ အဖွဲ့၀င်များကိုတွေ့ရစဉ်။
အိန္ဒိယဗဟိုအစိုးရနှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/မွီးဗား(NSCN-IM)တို့ကြား လည်းကောင်း၊ အိန္ဒိယဗဟိုအစိုးရနှင့် နာဂအမျိုးသားနိုင်ငံရေးအုပ်စု(NNPGs)တို့ကြား လည်းကောင်း ၁၉၉၇ ခုနှစ်ကစတင်ပြီး သီးခြားစီ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသည်။
NNPGs သည် နာဂအဖွဲ့အစည်းပေါင်း ၇ ဖွဲ့ဖြင့် ၂၀၁၇ ခုနှစ်က ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထို့နောက် အိန္ဒိယဗဟိုအစိုးရနှင့် NSCN-IM ကြား ၂၀၁၅ ခုနှစ်က နိုင်ငံရေးမူဘောင် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သလို ၂၀၁၇ ခုနှစ်တွင် အိန္ဒိယဗဟိုအစိုးရနှင့် NNPGs ကြား သဘောတူထားသည့်အဆင့်(Agreed Postion )ကို လက်မှတ်ထိုးထားသည်။
NSCN-K မှ ခွဲထွက်လာသော နီကီဆူမီက ၂၀၁၅ ခုနှစ်က NSCN-IM နှင့်လက်မှတ်ထိုးထားသော နိုင်ငံရေးမူဘောင် သဘောတူညီချက် (Framework Agreement) ၊ ၂၀၁၇ ခုနှစ်က ဗဟိုအစိုးရက NNPGs နှင့် သဘောတူထားသည့် အဆင့်(Agreed Postion) တို့ကို မိမိ မဆန့်ကျင်ကြောင်း ပြောသည်။
အဆိုပါ မူဘောင်သဘောတူညီချက်သည် ၁၈ နှစ်တာကာလအတွင်း အကြိမ်ပေါင်း ၈၀ ကျော် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ပုံ- NSCN-IM ခေါင်းဆောင် မွီးဗားနဲ့ အိန္ဒိယနိုင်ငံ၀န်ကြီးချုပ် မိုဒီကိုတွေ့ရစဉ်။
၁၉၄၇ ခုနှစ် အိန္ဒိယလွတ်လပ်ရေးရပြီး မရှေးမနှောင်းမှာပင် နာဂလန်းဒေသတွင် ဆယ်စုနှစ် များစွာ လက်နက်စွဲကိုင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၇ ခုနှစ်ကျမှ အောင်မြင်စွာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် NSCN-IM ၏ နာဂလန်းဒေသ သီးခြားအလံနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွက်ရေးကြိုးပမ်းချက်ကို ဗဟိုအစိုးရက ပယ်ချခဲ့သည့်နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုးတက်မှုမရှိတော့ပေ။
ဗဟိုအစိုးရနှင့် ဆွေးနွေးနေဆဲဖြစ်သည့် မည်သည့်နာဂအဖွဲ့အစည်းကိုမဆို ပူးပေါင်းရေးအတွက် မိမိအဖွဲ့အနေဖြင့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်ရသေးကြောင်း နီကီဆူမီက ပြောသည်။
နီကီဆူမီသည် မြန်မာပြည်ဘက်ခြမ်းတွင် အခြေစိုက် လှုပ်ရှား၍ အိန္ဒိယကို တိုက်ခိုက်နေသည့် NSCN-K ၏ ဒုတိယ စစ်ဉီးစီးချုပ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ဇူလိုင် ၂၉ ရက်က NSCN-K မှ ဝန်ကြီး စတာစွမ်၊NSCN ၏ အထွေထွေတပ်ပိုင်းဆိုင်ရာအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး ညမ်လန်တို့နှင့်အတူ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် နီကီဆူမီသည် သူ၏အဖွဲ့၀င် အင်အား ၁၀၀ ကျော်နှင့်အတူ အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ ဒီမာပူရ်မြို့သို့ ကူး သွား၍ အိန္ဒိယအစိုးရနှင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့သည်။