အမ်မန်၊ စက်တင်ဘာ ၂၂

ပြီးခဲ့သည့် ၁၀ နှစ်ခန့်က နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံနယ်စပ်ဒေသ တည် ငြိမ် အေးချမ်းရေး ဆွေးနွေးရန် ဆီးရီးယား၏ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဉီးစီးချုပ်တာဝန်များကို ယူထားသူ အလီအေရွတ်နှင့် ဂျော်ဒန်စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ယူဆက်ဟွန်နိုင်တီတို့ တွေ့ဆုံခဲ့ကြကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် တွေ့ရ သည်။

အဆိုပါတွေ့ဆုံမှုသည် စက်တင်ဘာ ၁၉ ရက်နေ့ကဖြစ်ပြီး ဂျော်ဒန်နိုင်ငံဘက်မှ ဖိတ်ကြားချက်အရ ဆီးရီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးနှင့်စစ်ဉီးစီးချုပ်တာဝန်များကို ယူထားသူ အလီအေရွတ်က သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားအစိုးရရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

ထို့နောက် ဂျော်ဒန်စစ်ဉီးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ယူဆက်ဟွန်နိုင်တီသည် ဒါရာမြို့ အခြေအနေနှင့်ပတ်သက်၍ ဆီးရီးယား ကာကွယ်ရေးဝန်ကြီးနှင့်စစ်ဦးစီးချုပ်ဖြစ်သူ အလီအေရွတ်ကို လက်ခံတွေ့ဆုံပြီး ထိုဒေသ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် မူးယစ်မှောင်ခို နှိမ်နင်းရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဂျော်ဒန်စစ်တပ်က သတင်းထုတ်ပြန် သည်။

“အခုတွေ့ဆုံ ဆွေးနွေးမှုဟာ ဘုံပြဿနာတွေအပေါ်မှာ အနာဂတ်ညှိနှိုင်းနိုင်ရေး အရှိန်မြှင့်ဖို့ စိုးရိမ်စရာတွေ အဖြေရှာကြတာ ဖြစ်ပါတယ်” ဟု ဂျော်ဒန်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် အကြမ်းဖက်မှုနှင့် နယ်စပ်ထိန်းချုပ်ရေးတို့ကို ဦးစားပေး ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

အမေရိကန်၏ မဟာမိတ်ဖြစ်သော ဂျော်ဒန်ဘုရင် အဗ္ဗဒူလာသည် ပြီးခဲ့သည့်ဩဂုတ်လက မော်စကိုသို့ အလည်အပတ် ရောက်ရှိစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ချီးကျူးစကားဆိုခဲ့သည်။ ဆီးရီးယားပြည်တွင်း ပဋိပက္ခ၌ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ကို ဆန့်ကျင်သည့် ရုရှားတပ်များအနေဖြင့် ဆီးရီးယားတည်ငြိမ်ရေး ထိန်းပေးနိုင်ခဲ့ခြင်းအတွက် ဂျော်ဒန်ဘုရင်က ယင်းကဲ့သို့ ချီးကျူးခဲ့ခြင်းဖြစ်သည်။

ရုရှားလေကြောင်းအစွမ်းနှင့် အီရန်ကျောထောက်နောက်ခံ တပ်ဖွဲ့များ အကူအညီဖြင့် ဆီးရီးယားတောင်ပိုင်းကို ထိန်းချုပ်ခဲ့ သော အနောက်အုပ်စု ပံ့ပိုးပေးသည့် ဆီးရီးယားသူပုန်အဖွဲ့ထံမှ ပြည်နယ်များကို ၂၀၁၈ ခုနှစ်တွင် ပြန်လည် သိမ်းပိုက်နိုင် ခဲ့သည်။

တစ်ချိန်က ဂျော်ဒန်နိုင်ငံဘက်ခြမ်းကို ဖြတ်သန်းပြီး လက်နက်အထောက်အပံ့ရခဲ့သော ထောင်နှင့်ချီသည့် ဆီးရီးယားသူပုန် အဖွဲ့သည် မော်စကို၏ ကြားဝင်စေ့စပ်ပေးမှုအရ ၎င်းတို့လက်နက်များကို ပြန်လည်လွှဲပြောင်းခဲ့သည်။

ထိုစဉ်က ဂိုလန်ကုန်းမြင့်နှင့်ထိစပ်နေသော နယ်မြေများကို အီရန်ကျောထောက် နောက်ခံတပ်ဖွဲ့များ ဖြန့်ကြက်ခဲ့ခြင်း အတွက်လည်း အစ္စရေး၊ ဂျော်ဒန်နှင့် အမေရိကန်တို့ကိုလည်း ရုရှားက အာမခံချက်ပေးခဲ့သည်။

ယခုလအစောပိုင်းတွင် ဆီးရီးယားအစိုးရတပ်များသည် ဒါရာမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ပြည်နယ် အာဏာပိုင်များကို ဆန့်ကျင်နေသော မြို့နှင့်ကျေးလက်ဒေသအချို့တို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။

လက်ရှိတွင် ဆီးရီးယားပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသည့် ဆီးရီးယား ဒုက္ခသည် ၆၅၀၀၀၀ ကျော်ကို ဂျော်ဒန်နိုင်ငံက လက်ခံထားသည်။