၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၂
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှစ၍ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားများသည် ဆန္ဒပြခြင်းနှင့် ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့၍ အမှုဖွင့်ခံထားရသူများ ၇၀၂ ဉီးကို အမှုများ ပိတ်သိမ်းပေးလိုက်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ၇၀၂ ဉီးသည် ဩဂုတ်လ ၄ ရက်မှ ယနေ့အထိ ဆက်သွယ်လာသော နိုင်ငံ့ဝန်ထမ်းများ အပါအဝင် သတင်းပို့ ဆက်သွယ်လာသူများ ဖြစ်ကြောင်း နစက-က ဆိုသည်။
ဆန္ဒပြမှု အပါအဝင် ဆန့်ကျင်လှုပ်ရှားမှုများကြောင့် အမှုဖွင့်ခံထားရသူများကို ဥပဒေနှင့်အညီ အမှုပိတ်သိမ်း ပေးသွားမည် ဖြစ်ပြီး နီးစပ်ရာ ရဲစခန်း မြိုနယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင် စီရုံးများသို့ ယုံကြည်စိတ်ချစွာ ဆက်သွယ် သတင်းပေးပို့ကြရန် နစက-က ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် တိုင်းနှင့် ပြည်နယ်များရှိ ရဲတပ်ဖွဲ့ဝင်များထံသို့ ကာယကံရှင် ကိုယ်တိုင်သော်လည်း ကောင်း၊ မိဘဆွေမျိုးသားချင်းများမှ တဆင့်သော်လည်းကောင်း ဆက်သွယ်လာကြောင်း ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခု ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အဦးများနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦးများအား ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွင် ငွေရေးကြေးရေးအရဖြစ်စေ၊ နည်းလမ်းအရဖြစ်စေ နက်ရိူင်းစွာ ကာယကံမြောက် ပါဝင်သူများအား အမှုရုပ်သိမ်းပေးမဟုတ်ကြောင်း နစက-က ဆိုသည်။
သို့သော် အထက်ပါ လှုပ်ရှားမှုများတွင် နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်မှုမရှိသူများအား ၎င်းတို့အပေါ် အရေးယူထားသည့် အမှုများကို ဥပဒေနှင့်အညီ ပြန်လည် ဖြေလျှော့ပေးခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၃၁၅ ဦးအား လွှတ်ပေးခဲ့ကြောင်း နစက-က ထုတ်ပြန်ထားပြီး ဆက်လက်၍လည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
သို့ဖြစ်၍ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဝန်ထမ်းများ အခြားနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ ၊နိုင်ငံသားများ အနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ထပ်မံ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ဆိုသည်။