မော်စကို၊ စက်တင်ဘာ ၂၂
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်အရှေ့တောင်ဘက်ရှိ ဖန်းမြို့တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကြောင်း၊ ရုရှားပြည်တွင်းတွင် အလားတူ ပစ်ခတ်မှုမျိုးမှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ယခုနှစ်အတွက် ဒုတိယအကြိမ် လူအစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
မော်စကို၏အရှေ့ဘက် ကီလိုမီတာ ၁၃၀၀(မိုင် ၈၀၀) အကွာ ဖန်းမြို့ရှိ အစိုးရတက္ကသိုလ်တွင် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ပြီး သံယယရှိသူကို ဖမ်းဆီးထားသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုမှ ကျောင်းသားအချို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အချို့က ကျောင်း၏ပထမထပ် ပြတင်းပေါက်များမှ ခုန်ချခဲ့ကြသည်ကို မြင်ခဲ့ရကြောင်း ဒေသခံမီဒီယာများက သတင်းမှတ်တမ်းများ ဖော်ပြ ခဲ့ကြသည်။
“စာသင်ခန်းထဲ လူ ၆၀ လောက်ရှိတယ်။ ကျနော်တို့က အခန်းတံခါးပိတ်ပြီး ထိုင်ခုံတွေနဲ့ပါ အကာအကွယ် လုပ်ထားခဲ့ရတယ်” ဟု တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ဆမ်ယွန်ကရာကင်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
ကျောင်းသားပေါင်း ၁၂,၀၀၀ တက်ရောက်နေသည့် တက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားစဉ် ကျောင်းသား၊ ကျောင်းသူ ၃၀၀၀ ခန့် ရှိနေခဲ့ကြောင်း၊ တက္ကသိုလ်ဝင်းအတွင်းမှ ဘေးလွတ်ရာပြေးကြရန် အချင်းချင်း တိုက်တွန်း ခဲ့ကြကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် အရပ်သားများ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းကျပ်ထားသော်လည်း အမဲလိုက်ရန်၊ မိမိကိုယ်ကို ကာကွယ်ရန်နှင့် အားကစားလုပ်ရန်တို့အတွက် သေနတ်အမျိုးအစားတချို့ကို ဝယ်ယူနိုင်သည်။
စက်တင်ဘာ ၂၀ ရက် ပစ်ခတ်မှု၌ သံသယရှိသူသည် သေစေနိုင်သော ရာဘာ(သို့မဟုတ်)ပလတ်စတစ် ကျည်ဆန်များသုံးသည့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖန်းတက္ကသိုလ်သတင်းပြန်ကြားရေးစာစောင်ကို ကိုးကားလျက် အေပီသတင်းဌာနက ဖော်ပြသည်။
အဆိုပါလက်နက်များသည် အခြားခဲယမ်းမီးကျောက်များ ထည့်သွင်းပစ်ခတ်ရန် ပြုပြင်နိုင်သည်ဟု ဆိုသည်။
“ဒီသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့မသမာတဲ့လုပ်ရပ်ကိုပဲ ကျနော်တို့ ပြောနေကြပေမယ့် ကျွမ်းကျင်သူတွေအနေနဲ့ ဒီကိစ္စ ကိုင်တွယ်ဖြေရှင်းရမယ်။ ဒီအဖြစ်ဆိုးရဲ့နောက်ကွယ်က အကြောင်းအရင်းက ဘာလဲဆိုတာ ရှာဖွေရမှာဖြစ်ပါတယ်” ဟု ရုရှားသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ချော့ဗ်က ပြောသည်။
ရုရှားတက္ကသိုလ်နှင့် ကျောင်းများတွင် ယင်းကဲ့သို့ သေနတ်ဖြင့် တိုက်ခိုက်ခံရခြင်းမှာ ရှားရှားပါးပါးဖြစ်စဉ်ဟု ဆိုသည်။
သို့သော် ယခုနှစ် မေလ ၁၁ ရက်က ကာဇန်အမည်ရှိ ဆယ်ကျော်သက်တစ်ဦးသည် ကျောင်းတစ်ကျောင်းရှိ ကလေးသူငယ် ၇ ဦးနှင့် ဆရာ ၂ ဦးကို သတ်ဖြတ်ခဲ့မှုအပြီး သမ္မတဗလာဒီမာပူတင်က သေနတ် ကိုင်ဆောင်ခြင်း ဥပဒေကို ပိုမိုတင်းကျပ်ရန် တိုက်တွန်းခဲ့သည်။
ကာဇန်ပစ်ခတ်မှုနောက်ပိုင်း သေနတ်များ ဝယ်ယူခွင့်ပြုမည့်အသက်အရွယ်ကို ၁၈ နှစ်မှ ၂၁ နှစ်အတွင်းသို့ တိုးမြှင့်ပြင်ဆင်ခဲ့သော်လည်း ၎င်းဥပဒေသစ်မှာ အသက်မဝင်သေးပေ။