ဘန်ကောက် စက်တင်ဘာ ၂၁
လက်နက်မှောင်ခိုတင်သွင်းမှုများ တားဆီးရန် မြန်မာနယ်စပ်တလျှောက်တွင် သတိကြီးကြီးဖြင့် စောင့်ကြည့်ကြရန် ထိုင်းလုံခြုံရေးအေဂျင်စီများကို ညွှန်ကြားထားကြောင်း ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းမှာ ယနေ့(စက်တင်ဘာ ၂၁ ရက်က) ဖော်ပြထားသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ကွန်ချိတန်ထရာဝါနစ်က “ ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝပ်ဝမ်စူဝမ်ထံမှ ညွှန်ကြားချက်အရ စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲသို့ စစ်ရေးအဆင့် လက်နက်များ မှောင်ခိုတင်သွင်းနေကြောင်း၊ တင်သွင်းသည့်နေရာများမှာ လက်ရှိ စစ်တပ်နှင့်လက်နက်ကိုင်များအကြား တင်းမာသည့် နေရာများ ဖြစ်နေကြောင်း” ပြောသည်။
၎င်းက “ထိုင်းလုံခြုံရေးနှင့် ထောက်လှမ်းရေး အေဂျင်စီများအနေဖြင့် လက်နက်များ သယ်ယူပို့ဆောင်သည့် လမ်းကြောင်း များနှင့် မှောင်ခိုလမ်းကြောင်း အခကြေးငွေများကိစ္စ သတင်းအချက်အလက် ရရှိရေးကိုသာ အာရုံစိုက်လုပ်ဆောင်ရန် ဗိုလ်ချုပ်ကြီး ပရာဝပ်ဝမ်စူဝမ်က ညွှန်ကြားထားကြောင်း” ဆက်လက်ပြောသည်။
ချောင်ဘူရီရှိ စက်သာဟစ်ခရိုင်တွင် လက်နက်မှောင်ခို ကူးသူများကို မကြာသေးမီက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့သည် ထိုင်း အစိုးရ တာဝန်ရှိသူမျးနှင့် အဆက်အသွယ်ရှိကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။ ယင်းကိစ္စနှင့်ဆက်စပ်၍ စုံစမ်းစစ်ဆေးမှု ချဲ့ထွင်ခဲ့သည်ဆိုသော်လည်း အသေးစိတ်ကိုတော့ ဒုတိယဗိုလ်ချုပ်ကြီး ကွန်ချိတန်ထရာဝါနစ်က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
ထိုင်းအနေဖြင့် မြန်မာဘက်ခြမ်းက မည်သည့် အကြမ်းဖက်မှုမဆို ထောက်ခံခြင်း မရှိကြောင်း၊ ခိုးကြောင်ခိုးဝှက်ဖြင့် လှုပ်ရှားနေမှုများကို ကာကွယ်ရန် ရဲနှင့်လုံခြုံရေးဝန်ထမ်းများ အရှိန်မြှင့်တင်ရန် ဗိုလ်ချုပ်ကြီး ပရာဝပ်ဝမ်စူဝမ်ကို ကိုးကားလျက် ဒုတိယဗိုလ်ချုပ်ကြီး ကွန်ချိတန်ထရာဝါနစ်က အမိန့်ပေးခဲ့သည်။
အကြမ်းဖက်မှုများ မကျူးလွန်မီ နောက်ထပ် လက်နက်မှောင်ခိုသွင်းနေသည့် နေရာများကို ဖော်ထုတ်ရန်၊ အမြန်ဆုံး မှောင်ခိုလက်နက်များကို ဖော်ထုတ်ရန် ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝပ်အနေဖြင့် ဆန္ဒရှိနေကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဆက်လက် ပြောကြားခဲ့သည်။
Source: Bangkok Post