နယူးယောက်၊ စက်တင်ဘာ ၂၁

တရုတ်နှင့်အမေရိကန်တို့အကြား ဖြစ်နိုင်ခြေရှိသော ခေတ်သစ်စစ်အေးတိုက်ပွဲတစ်ခုအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီဘိုဂူတာရတ်စ်က သတိပေးလိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေရန် ပြုပြင်ကြဖို့ တောင်းဆိုခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်ကိုကိုးကားလျက် အယ်လ်ဂျာဇီးယားက စက်တင်ဘာ ၂၀ ရက်က ရေးသားဖော်ပြသည်။

“ကျနော်တို့ အရင်တုန်းကနဲ့ မတူတဲ့ စစ်အေးကို ရှောင်ဖို့လိုပါတယ်။ အခုက ပိုအန္တရာယ်ရှိပြီး ကိုင်တွယ်ရတာ ခက်လိမ့်မယ်” ဟု ဂူတာရတ်စ်က သတိပေးပြောကြားသည်။ ကမ္ဘာ့ခေါင်းဆောင်များ စုဝေးတိုင်ပင်နေကြဖြစ်သည့် နှစ်စဉ် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါ၊ ရာသီဥတုဆိုင်ရာစိုးရိမ်ပူပန်မှုနှင့် အငြင်းပွားမှုများကို ရည်ရွယ်လျက် ဂူတာရတ်စ်က အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် လူ့အခွင့်အရေး၊ စီးပွားရေး၊ အွန်လိုင်း လုံခြုံရေးနှင့် အချုပ်အခြာအာဏာတို့နှင့်ပတ်သက်၍ နိုင်ငံရေးအရ မကျေမလည်ဖြစ်နေကြသော်လည်း ရာသီဥတု အရေးကိစ္စပူးပေါင်းဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးနှင့်နည်းပညာဘက် ပိုမိုညှိနှိုင်းခြင်းတို့ဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းကြရန် မရှိမဖြစ်လိုအပ်ကြောင်း ဂူတာရတ်စ်က တိုက်တွန်းခဲ့သည်။

“ကံမကောင်းရင်တော့ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ ထိပ်တိုက်တွေ့ဖို့ တစ်ခုပဲ ရှိတော့တယ်” ဟု ဂူတာရက်စ်က အေပီသတင်းဌာနနှင့် စက်တင်ဘာ ၁၈ ရက် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်နှစ်က အမေရိကန်နှင့်တရုတ်တို့လို အင်အားကြီးနိုင်ငံများအနေဖြင့် အင်တာနက်၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အတူ ပထဝီဝင်နိုင်ငံရေးနှင့်စစ်ရေးမဟာဗျူဟာများကို ဖန်တီးခဲ့ကြကြောင်း ဂူတာရတ်စ်က ထောက်ပြခဲ့သည်။

အဆိုပါပထဝီဝင်နိုင်ငံရေးနှင့် စစ်ရေးမဟာဗျူဟာနှစ်ခုသည် အန္တရာယ်များလှပြီး ကမ္ဘာကြီးကို ထက်ခြမ်း ကွဲစေလိမ့်မည်ဟု AP သတင်းဌာနနှင့် အင်တာဗျူးတွင် ဂူတာရတ်စ်က ထပ်လောင်းသတိပေးခဲ့ပြီး ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ ပြုပြင်လုပ်ဆောင်ကြရမှာဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။