၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းတပ် နှစ်တပ်တိုက်ပွဲဖြစ်ပွားသည့်အတွက် တိုက်ပွဲရှောင် လာသူများ လိုက်ပါစီးနင်းလာသည့် ထော်လာဂျီ တိမ်းမှောက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့၍ အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်တွင် ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့ စက်တင်ဘာ ၁၆ ရက်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ လူဉီးရေ ၂၀၀၀ နီးပါး နောင်လျဲန်ဘုန်းတော်ကြီးကျောင်းတွင် တိုက်ပွဲရှောင်နေကြရသည်။

ထိုသို့ တိုက်ပွဲရှောင်နေသူများ နေထိုင်နေသည့် နောင်လျဲန် ဘုန်းတော်ကြီးကျောင်းအနီးတွင် လက်နက်ကြီးများ ကျရောက် သည့်အတွက် တိုက်ပွဲရှောင်များ ထပ်မံတိမ်းရှောင်ရင်း ကားတိမ်းမှောက်ခဲ့သည်ဟု မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း စိုင်းပန်က ပြောသည်။

စိုင်းပန်က “စစ်ရှောင်ကတော့ ၂၀၀၀ (နှစ်ထောင်) ပတ်ဝန်းကျင်မှာ ရှိနေတယ်။ ပထမဆုံး နောင်လျဲန်ဘုန်းတော်ကြီး ကျောင်းမှာ လာ ရှောင်နေတဲ့ သူတွေက မနေ့က လက်နက်ကြီးတွေက စစ်ဘေးရှောင်တဲ့ နေရာမှာ ထပ်ကျတော့လေ။ ထပ်ပြေးရတယ်။ ထပ်ပြေးတော့ ကားတောင် မှောက်သေးတယ်။ ၄ လုံးထိုး ကားနှစ်စီး မှောက်သေးတယ်။ ထော်လာဂျီ နှစ်စီး။ နှစ်စီးမှောက် တာ ဒဏ်ရာ ပြင်းထန်တဲ့ အဘွားကြီးကို လွိုင်လင်ဆေးရုံကို ပို့ထားတယ်။ မိုင်းကိုင် ဆေးရုံမှာလည်း ရှိတယ်” ဟု ပြောသည်။

ထိုတိုက်ပွဲရှောင်များ စီးလာသည့် ထော်လာဂျီသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟိုခဲလမ်းခွဲနှင့် ဆားတောတံတားကြားတွင် လမ်းချော်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်ဟု မိုင်းကိုင်နာရေးကူညီမှုအသင်းမှ စိုင်းထွန်းလှက ပြောသည်။

၎င်းက “မနေ့က ထော်လာဂျီမှောက်တာ နှစ်နေရာဗျ။ မနေ့က မိုးလည်း တစ်အားရွာလို့လေ။ လမ်းချော်သွားတာ။ လမ်းချော် သွားတော့ မြောင်းထဲ ရောက်သွားတာ။ နည်းနည်းပဲ ထိတယ်၊ သုံးယောက်။ ကျနော်က မနေ့က ပန်ကေတုဆေးခန်း သွားပို့ ထားတယ်။ နောက်တစ်စီးက တုံလောဘက် ဆင်းသွားတာပေါ့နော်။
အဲလမ်းမှာ အက်စီးဒန့် သွားဖြစ်တာ။ ကျနော်တို့ မိုင်းကိုင်ဆေးရုံကို ခေါ်လာတာ။ တစ်ယောက်က‌တော့ ဒူးခေါင်းအရိုးထိသွားလို့ လွိုင်လင်ဆေးရုံကို မနေ့ညကတည်းက ပို့ထားတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ကျနော်တို့ မိုင်းကိုင်ဆေးရုံမှာ ရှိတယ်”ဟု ပြောသည်။

ထိခိုင်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး ၃ ဦးတွင် အသက် (၈၀) အရွယ်အဘွား တစ်ဦးပါဝင်ပြီး ဒဏ်ရာကို ချုပ်ပြီး ထားလိုက် ပါက လမ်းမလျှောက်နိုင်မှာ စိုးရိမ်ရသည့်အတွက် လွိုင်လင်ဆေးရုံသို့ ချက်ချင်း ပို့ဆောင်လိုက်ရကြောင်း မိုင်းကိုင် နာရေး ကူညီမှုအသင်းမှ စိုင်းထွန်းလှက ပြောသည်။

လက်ရှိတွင် တိုက်ပွဲရှောင်များသည် ပန်ကေတုကျေးရွာနှင့် တုံလောကျေးရွာများသို့ ရောက်ရှိနေပြီး ဈေးများ၊ ဘုန်းတော် ကြီး ကျောင်းများနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်တို့တွင် နေထိုင်နေကြရကြောင်း ၎င်းက ဆိုသည်။

RCSS နှင့် SSPP-TNLA ပူးပေါင်း တပ်ဖွဲ့ကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ နယ်မြေပိုင် နက် အငြင်းပွားကာ တိုက်ပွဲများ ယနေ့ထိ မကြာခဏ ဖြစ်ပွားနေသည်။

RCSS သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး SSPP မှာမူ NCA မထိုးရသေးသည့် ရှမ်းလက်နက်ကိုင်ဖြစ်သည်။