မနီလာ၊စက်တင်ဘာ ၂၁

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သမ္မတရိုဒရီဂိုဒူတာတေး၏အတည်ပြုချက်အရ ရှေ့ပြေး အစီအစဉ်အဖြစ် စာသင်ကျောင်း ၁၂၀ အထိ လူဦးရေအကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်မည်ဟု အစိုးရ တာဝန်ရှိသူများက စက်တင်ဘာ ၂၀ ရက်နေ့က ပြောကြားခဲ့ကြောင်း Channel News Asia က ရေးသားဖော်ပြသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနီးပါးတွင် ကျောင်းများကို တစိတ်တပိုင်း(သို့မဟုတ်)အပြည့်အဝ ပြန်လည်ဖွင့်လှစ် နေကြပြီးဆရာနှင့်တပည့် မျက်နှာချင်းဆိုင်သင်ကြားမှုများ ပြန်လည်စတင်နေကြပြီဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နှစ် ၂၀၂၀ မတ်လကတည်းက ကျောင်းများ ပိတ်ခဲ့ရခြင်းဖြစ်သည်။

“ကျနော်တို့က စာသင်ခန်းတွေမှာ ရှေ့ပြေးအစီအစဉ်အဖြစ် ဖွင့်လှစ်ရတာက ပညာရေးအတွက်တင် မဟုတ်ဘဲ ကလေးတွေရဲ့စိတ်ကျန်းမာရေးကိုပါ ဦးတည်ပါတယ်” ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဟာရီရိုကွစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“မျက်နှာချင်းဆိုင်သင်ကြားမှုမရှိရင် မျိုးဆက်တစ်ဆက်ကို ကျနော်တို့ ဆုံးရှုံးရမှာဖြစ်လို့ စီးပွားရေးနဲ့လည်း ဆိုင်တဲ့ကိစ္စတစ်ခုပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒူတာတေးအတည်ပြုခဲ့သော လမ်းညွှန်ချက်များအရ ဗိုင်းရပ်စ်ကူးစက်မှု အနည်းဆုံးရှိသည်ဟု ယူဆသော ဒေသများရှိ ကျောင်းပေါင်း ၁၀၀ ခန့်အထိ ယခုရှေ့ပြေးစမ်းသပ်မှုအစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။ ယင်းတို့ထဲတွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၂၀ ခန့်လည်း အကျုံးဝင်နိုင်သည်။

သူငယ်တန်းမှ တတိယတန်းနှင့် အထက်တန်းများအတွက် စာသင်ခန်းများ ဖွင့်လှစ်ပေးမည်ဖြစ်သော်လည်း ကျောင်းသားအရေအတွက်နှင့်စာသင်ချိန်ကို မျက်နှာချင်းဆိုင်သင်ကြားမှုအရ အကန့်အသတ် ထားရှိမည် ဖြစ်သည်။

ယင်းအစီအစဉ်တွင် ပါဝင်လိုသော ကျောင်းများ၏ကြိုတင်ပြင်ဆင်ထားရှိမှုများကို အကဲဖြတ်မည်ဖြစ်ပြီး ပြန်ဖွင့်ရန်အတွက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ထံမှ ထောက်ခံချက်နှင့် မိဘများထံမှ ခွင့်ပြုချက် လိုအပ်မည် ဖြစ်သည်။

“အခု ရှေ့ပြေးအစီအစဉ်မှာ အန္တရာယ်ကင်းတယ်၊ ထိရောက်မှုရှိတယ်ဆိုရင် ကျောင်းတွေကို နောက် တဖြည်းဖြည်း နဲ့ တိုးချဲ့ဖွင့်လှစ်သွားမှာပါ” ဟု ပညာရေးအတွင်းဝန် လီယိုနောဘရီယွန်နာ့စ်က ပြောကြားခဲ့သည်။

ကလေးသူငယ်များ Covid-19 ကူးစက်ခံရမှုစိုးရိမ်ခြင်းနှင့် သက်ကြီးရွယ်အိုဆွေမျိုးသားချင်းများအား ထပ်မံ မကူးစက်စေလိုခြင်းတို့ကြောင့် ကျောင်းများပြန်ဖွင့်ရေးကို သမ္မတဒူတာတေးက ယခင်က ပယ်ချခဲ့သည်။

သို့သော် တိုင်းပြည်၏ပညာရေးအကျပ်အတည်း ပိုမိုဆိုးရွားလာမည်ကို သောကများရှိလာခြင်းကြောင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် ဆရာ၊ ဆရာမများထံမှ တောင်းဆိုသံများ ကျယ်လောင်လာခဲ့သည်။

ယခုရှေ့ပြေးအစီအစဉ်ကို မည်သည့်ကာလစတင်မည်၊ မည်သည့်ကျောင်းများ ပါဝင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း Channel News Asia က ဆိုသည်။