CNI International News

မနီလာ၊ ဇွန်လ ၂၃

ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇွန်ပြည်နယ်၊ လိုပက်ဇ်ဒေသရှိ အမှတ် ၈၅ ခြေမြန်တပ်ရင်းထံသို့ ပြည်သူ့တပ်မတော်သစ် (NPA) အမည်ရှိ ကွန်မြူနစ်သူပုန်အဖွဲ့ဝင် ၃ ဦး လက်နက်ချခဲ့ကြောင်း ဖိလစ်ပိုင်တပ်မတော် (AFP) က ဇွန်လ ၂၁ တွင် ကြေညာခဲ့သည်ဟု ဖိလစ်ပိုင်သတင်းဌာန (PNA) က သတင်းဖော်ပြခဲ့သည်။

အဆိုပါ NPA သူပုန် ၃ ဦးသည် M-14 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကာဘိုင်တစ်လက်နှင့် ခဲယမ်းမီးကျောက်များ ကို မိမိတို့ထံ အပ်နှံခဲ့ကြောင်း ဖိလစ်ပိုင်တပ် (AFP) ပြည်သူ့ရေးရာရုံးအဖွဲ့မှူး ဗိုလ်မှူးကြီးဂျော်ရီဘက္ကလာက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

“သူတို့ကို အမှတ် ၈၅ ခြေမြန်တပ်ရင်းနဲ့ လိုပက်ဇ်စည်ပင်သာယာရဲစခန်းကို တရားဝင်လွှဲပေးခဲ့ပါတယ်။ စည်ပင် ကနေ မြို့တော်ဝန်ဆီကို ဆက်ပို့ရမှာပါ။ မြို့တော်ဝန်က လက်ရှိမှာ ပြည်တွင်းကွန်မြူနစ် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး စည်ပင်အလုပ်အဖွဲ့ရဲ့ဥက္ကဋ္ဌ တာဝန်လည်းယူထားပါတယ်” ဟု ဂျော်ရီဘက္ကလာက ရှင်းပြခဲ့သည်။
စည်ပင်ရုံးသည် လက်နက်ချလာသူများကို ကနဦးငွေကြေးအထောက်အပံ့နှင့် လယ်ယာသုံးပစ္စည်းများ၊ စက် ကိရိယာများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်သစ် (CPP-NPA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဓါတ်ပုံ-AFP)

စည်ပင်မြို့တော်ဝန်သည် ယခင်ကလည်း အလားတူလက်နက်ချလာသူများကို အခမဲ့ပညာရေး၊ အသက်မွေး ဝမ်းကျောင်းနှင့် အိမ်ရာအကူအညီများ ပေးခဲ့သည်။

ယခုအခါ ဖိလစ်ပိုင်အစိုးရဌာနများသည် ပိုမိုကောင်းမွန်သော ဘက်စုံဒေသဆိုင်ရာပေါင်းစည်ရေးအစီအစဉ် (E-CLIP) အောက်တွင် အကျိုးခံစားခွင့်ရှိသူများစာရင်းထဲသို့ ယခင်လက်နက်ချသူပုန်များလည်း ပါဝင်နိုင်အောင် လိုအပ်သောစာရွက်စာတမ်းများ ပြုလုပ်ပေးနေသည်။

ဖိလစ်ပိုင်နိုင်ငံရှိ လက်နက်ကိုင်သူပုန်အဖွဲ့ဖြစ်သော ဖိလစ်ပိုင်ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်သစ် (CPP-NPA) ကို အမေရိကန်၊ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နှင့် ဖိလစ်ပိုင်အစိုးရတို့က အကြမ်းဖက်အဖွဲ့စာရင်းထဲသို့ သွင်းထားကြသည်။

အစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကောင်စီသည် အမျိုးသားဒီမိုကရေစီတပ်ဦး (NDF) ကိုလည်း အကြမ်းဖက် အဖွဲ့အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် တရားဝင်သတ်မှတ်ခဲ့သည်။ ထို့ပြင် ၁၉၇၃ ခုနှစ်၊ ဧပြီလတွင် စတင် တည်ထောင်ခဲ့သော CPP-NPA ၏စိုးမိုးနယ်မြေများကိုလည်း “ဖိလစ်ပိုင်၏လုံးဝခွဲထွက်၍ မရသောအစိတ်အပိုင်း များ”အဖြစ် အဆိုပါကောင်စီက ကြေညာခဲ့သည်။

Source: Philippine News Agency