ဆိုးလ်၊စက်တင်ဘာ ၂၁
မကြာသေးမီက တောင်ကိုရီးယားရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည်(SLBM) သည် ပုံပန်းမကျဘဲ မသေသပ်ကြောင်း မြောက်ကိုရီးယားစစ်ဘက်အကြံပေးအဖွဲ့က ကဲ့ရဲ့ခဲ့သော်လည်း အဆိုပါ စမ်းသပ်အောင်မြင်မှုသည် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် တင်းမာမှုကို ပြန်လည်ဖြစ်ပေါ်စေမည်ဟု သတိပေးလိုက်ကြောင်း ရိုက်တာသတင်းကို ကိုးကား၍ Channel News Asia က စက်တင်ဘာ ၂၀ ရက်က ဖော်ပြသည်။
ကျွန်းဆွယ်အတွင်း တင်းမာမှုဖြေလျော့ရန် ကြိုးပမ်းနေသည့်ကြားမှ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံတို့သည် ပြီးခဲ့သည့်ရက်သတ္တပတ်က ပဲ့ထိန်းဒုံးကျည်များ အပြိုင်စမ်းသပ်ပစ်လွှတ်ခဲ့ကြသည်။
တောင်ကိုရီးယားရေငုပ်သင်္ဘောမှ လွှတ်တင်ခဲ့သော ပဲ့ထိန်းဒုံးကျည်သည် သေသပ်မှုမရှိသည့် လက်နက်သာ ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်လက်နက်ဌာနမှ အမျိုးသားကာ ကွယ်ရေးသိပ္ပံကျောင်း အကြီးအကဲ ဂျန်ချန်ဟက ၎င်းတို့၏ KNCA သတင်းဌာနသို့ ပြောကြားခဲ့သည်။
တောင်ကိုရီးယား ဒုံးကျည်သည် အိန္ဒိယ၏ K-15 SLBM ကို အတုယူထားသော ထိပ်ဖူးနှင့် မြေပြင်ပစ် ပဲ့ထိန်း ဒုံးကျည်ပုံစံ ဖြစ်ဟန်တူကြောင်း မြောက်ကိုရီးယားတို့က ဝေဖန်ခဲ့သည်။
စမ်းသပ်မှုမှတ်တမ်းပုံများအရ တောင်ကိုရီးယားသည် ရေထဲ ထိုးခွင်းပစ်ခတ်နိုင်မှုအပါအဝင် ရေအောက် စစ်ဆင်ရေးနည်းပညာများ မရသေးကြောင်း ဂျန်ချန်ဟက ခန့်မှန်းပြောကြားသည်။
“စကားလုံးတစ်လုံးတည်းနဲ့ ပြောရရင် ဒါဟာ မသေသပ်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။ အကယ်၍ တောင်ကိုရီးယားတို့၏စမ်းသပ်မှုသည် ပဲ့ထိန်းဒုံးကျည်အမှန်သာဆိုလျှင် အခြေခံမွေးကင်းစကလေးအဆင့်သာ ရှိဦးမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခုလိုပြောကြားမှုအပေါ် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနသို့ ရိုက်တာက သဘောထားမှတ်ချက် တောင်းခံခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ခြင်းမရှိသေးပေ။
“ဒီလက်နက်က မဟာဗျူဟာနဲ့နည်းဗျူဟာအဆင့် မရောက်သေးပေမယ့် မြောက်ကိုရီးယားကို ခြိမ်းခြောက်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား လက်ရှိပြုလုပ်နေတဲ့ ဒုံးကျည်ဖွံ့ဖြိုးရေးက တခြား ဘာရည်ရွယ်ချက် ရှိသေးလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ” ဂျန်ချန်ဟက သုံးသပ်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကမ်ဂျုံအန်း၏ ညီမဖြစ်သူ ကမ်ယိုဂျောင်က ၎င်းတို့ကိုယ်ပိုင်ဒုံးကျည်များ တီထွင်နေစဉ် တောင်ကိုရီးယားဘက်ကို ကဲ့ရဲ့ခဲ့ပြီး ရက်ပိုင်းအတွင်း ဂျန်ချန်ဟ၏ မှတ်ချက်များကို ဆက်လက် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်က ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ လူချင်းတွေ့ဆုံ၍ စေ့စပ်ညှိနှိုင်းရေး စတင်ခဲ့သော်လည်း နောက်တစ်နှစ် ၂၀၁၉ တွင် ရပ်တန့်သွားခဲ့သည်။