ကဘူးလ်၊စက်တင်ဘာ ၂၀

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အုပ်ချုပ်ရေးမှူးအသစ်များက ယောက်ျားလေးများနှင့် အမျိုးသားဆရာ များကိုသာ စာသင်ခန်းအတွင်း ဝင်ခွင့်ပြုခဲ့ပြီး မိန်းကလေးများကို အထက်တန်းကျောင်းများသို့ တက်ရောက်ရန် တားဆီးကန့်သတ်ထားကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

သဘောထားတင်းမာသည့် တာလီဘန်များသည် အမေရိကန်ကျောထောက်နောက်ခံပြုထားသည့်အစိုးရကို ဩဂုတ်လက ဖြုတ်ချခဲ့ပြီးနောက် ၁၉၉၀ ပြည့်လွန်နှစ်များက အမျိုးသမီးအများစုကို ပညာရေးနှင့်အလုပ်အကိုင် ပိတ်ပင်ခံရစဉ်တုန်းကထက် ယခုပိုမိုပျော့ပျောင်းစွာ အုပ်ချုပ်ပါမည်ဟု ကဘူးလ်မြို့သိမ်းပြီးခါစက ကတိပြု ခဲ့သည်။

သို့သော် တာလီဘန်အစိုးရသစ် ပညာရေးဝန်ကြီးဌာနမှ ထွက်ပေါ်လာသော အမိန့်အသစ်အရ အမျိုးသမီးများ အခွင့်အရေးကို ခြိမ်းခြောက်ရန် လုပ်ဆောင်လာခဲ့သည်။

“အမျိုးသားဆရာအားလုံးနှင့်ကျောင်းသားအားလုံးသည် ၎င်းတို့ပညာရေးဆိုင်ရာသင်ကြားမှုများသို့ ပြန်လည် တက်ရောက်ရမည်ဖြစ်ကြောင်း” စက်တင်ဘာ ၁၈ ရက် အတန်းများပြန်လည်စတင်သည့် ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ထိုကြေညာချက်ကို စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဆရာမများနှင့် မိန်းကလေးကျောင်းသူများကို ထည့်သွင်းဖော်ပြထားခြင်း မတွေ့ရပေ။

အာဖဂန်နစ္စတန်နိုင်ငံတွင် အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများတက်ရောက်ရသော အထက်တန်းကျောင်းများတွင် ကျား၊ မ ခွဲခြား၍ သင်ကြားကြရသည်။ Covid-19 နှင့် တာလီဘန်တို့ အာဏာသိမ်းမှုတို့ကြောင့် ကျောင်းများမှာ အကြိမ်ကြိမ် ပိတ်ခဲ့ရသည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက အာဖဂန်ပိုင်နက်ထဲ ၂၀၀၁ ခုနှစ်၌ ကျူးကျော်ခဲ့ကာ ပထမတာလီဘန်အုပ်ချုပ်ရေးကို ဖြိုဖျက်လိုက်ပြီးနောက် အမျိုးသမီးငယ်များ၏ ပညာရေးမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ကျောင်းအရေအတွက် ၃ ဆတိုးလာခဲ့ပြီး အမျိုးသမီးစာတတ်မြောက်မှုနှုန်း ၃၀ ရာခိုင်နှုန်း တက်လာခဲ့သည်။ သို့သော် အပြောင်းအလဲတချို့ကြောင့် ပညာသင်ကြားနိုင်မှုမှာ မြို့ကြီးများတွင်သာ အကန့်အသတ်ဖြင့် ရှိနေခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးငယ်များ ကျောင်းတက်နိုင်ရေးအတွက် အလွန်အမင်းစိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

“အရွယ်ရောက်လာတဲ့ မိန်းကလေးတွေအပါအဝင် မိန်းကလေးအားလုံးဟာ သူတို့ရဲ့ပညာရေး နှောင့်နှေးခြင်း မရှိဘဲ ပြန်လည်စတင်နိုင်ဖို့ အရေးကြီးပါတယ်။
အဲဒီအတွက် အမျိုးသမီးဆရာမတွေနဲ့ပဲ သင်ကြားကြဖို့ လိုပါတယ်” ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)က ပြောသည်။

မူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး ယောက်ျားလေးများနှင့်မိန်းကလေးများ သီးခြားအတန်းများ တက်ရောက်ခွင့်ရကြကာ အချို့အမျိုးသမီးဆရာမများလည်း လုပ် ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာကြသည်။

တာလီဘန်အစိုးရသစ်သည် အမျိုးသမီးများ ဝတ်စားဆင်ယင်မှုနှင့် သွားလာမှုတို့ကို တင်းကျပ်စွာ ကန့်သတ်ထားသော်လည်း ပုဂ္ဂလိကတက္ကသိုလ်များသို့ တက်ရောက်ခွင့်ပြုထားသည်။