ဂျေရုဆလင်၊ စက်တင်ဘာ ၂၀

ထောင်ဖောက်ပြေးခဲ့သည့် လက်ကျန် ပါလက်စတိုင်းအကျဉ်းသားနှစ်ဦးကို အစ္စရေးစစ်တပ်က စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းထောင်ဖောက်ပြေးသူ ၆ ဦးစလုံးကို ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

ဂျူးများကို ဆန့်ကျင်တိုက်ခိုက်မှုဖြင့် ချုပ်နှောင်ခံထားရသော အကျဉ်းသားများသည် စက်တင်ဘာလ ၆ ရက်နေ့ နံနက်အာရုဏ်တက်ချိန်၌ အစ္စရေးနိုင်ငံ၊ဂယ်ဘိုအာ အကျဉ်းထောင်ထဲမှ မြေအောက်ဉမင်လိုဏ်ခေါင်းကို သံဇွန်းကဲ့သို့ အတိုအစ ပစ္စည်းများအသုံးပြု၍ ဖောက်ထွင်းပြေးနိုင်ခဲ့ကြသဖြင့် ပါလက်စတိုင်းများအကြား ၎င်းတို့မှာ သူရဲကောင်းများဖြစ်နေခဲ့သည်။

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမြို့တစ်မြို့ဖြစ်သော ဂျီနင်မြို့တဝိုက် အစ္စရေးတို့က လုံခြုံရေးတပ်ဖွဲ့များကို လက်နက်အပြည့်အစုံဖြင့် ဖြန့်ကြက်ထားပြီး ဝေဟင်မှ ဒရုန်းများဖြင့်လည်းကောင်း၊ စစ်ဆေးရေးဂိတ်များတွင် အနီးကပ်စောင့်ကြည့်ခြင်းဖြင့်လည်းကောင်း ထောင်ဖောက်ပြေးသူများကို ပိုက်စိတ်တိုက်ရှာဖွေခဲ့ကြသည်။

အထူးစစ်ဆင်ရေး အမိန့်ဖြင့် ထိုသို့ရှာဖွေမှုမှာ ရက်သတ္တနှစ်ပတ် ကြာမြင့်ခဲ့ပြီး လွတ်မြောက်သွားသည့် ပါလက်စတိုင်းအကျဉ်းသား ၆ ဦးအနက် ၄ ဦးကို ပြီးခဲ့သည့်ရက်သတ္တပတ်က ပြန်လည်ဖမ်းဆီးနိုင်ခဲ့သည်။ ယင်းနောက် ယခု စက်တင်ဘာ ၁၉ ရက်တွင် နောက်ဆုံးလက်ကျန် တရားခံပြေးနှစ်ဦးကို အစ္စရေးတို့က ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

 

တိကျမှန်ကန်သည့် ထောက်လှမ်းရေးသတင်းများဖြင့် လုံခြုံရေးတပ်ဖွဲ့များ ပိတ်ဆို့ဝန်းရံကာ နောက်ဆုံးလက်ကျန် တရားခံပြေးနှစ်ဦးဖြစ်သည့် အသက် ၃၅ နှစ်အရွယ်ရှိ အေဟမ်ကမန်ဂျီနှင့် အသက် ၂၆ နှစ်အရွယ် မူနာဒယ် အင်ဖီအိတ်တို့ကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ပါလက်စတိုင်း အစ္စလာမ္မစ် လှုပ်ရှားမှု လုပ်ကိုင်နေသည့် ဂျီဟက်အဖွဲ့ဝင်များဖြစ်ကြသည်။

အနောက်ဘက်ကမ်း ဂျီနင်မြို့တွင် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေး၌ အဆိုပါ အကျဉ်းသားအားလုံးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။

ထို့ပြင် အဆိုပါတရားခံပြေးများကို အားပေးကူညီခဲ့သည့် အခြားအမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားကြောင်း အစ္စရေးစစ်တပ်က ဆက်လက်ကြေညာသည်။

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်က ၎င်း၏တပ်ဖွဲ့များကို ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပြီး ၎င်းတို့စစ်ဆင်ရေးသည် ခေတ်မီမြန်ဆန်ပြီး အားကိုးအားထားပြုရကြောင်း အသိအမှတ်ပြုခဲ့သည်။