၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၀

နိုင်ငံတော်ကိုအုပ်ချုပ်ရာတွင် တစ်ဗိုလ်တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှု ရှိရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် နေ့က ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမတွင် စက်တင်ဘာ ၁၉ ရက်က တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ မိမိတို့ နိုင်ငံသည် ပြည်မကို ဗဟိုပြု၍ တိုင်းရင်းသားဒေသများဖြင့် ပေါင်းစည်းထား သည့် ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ဘာသာရေးအရ၊ တိုင်းရင်းသားရေးအရ အယူအဆကွဲလွဲမှုများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့်၊ မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံမျိုးကို ကျင့် သုံး နိုင်ရေးကြိုးပမ်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကိုအုပ်ချုပ်ရာတွင် တစ်ဗိုလ်တစ်မင်းဖြစ်နေ၍ မရနိုင်ဘဲ မှန်ကန်သည့် အဆင့်ဆင့် ကွပ်ကွဲအုပ်ချုပ်မှုရှိရမည်ဖြစ်သဖြင့် ခိုင်မာသည့် အဖွဲ့အစည်း၊ ပါတီတို့ ပူးပေါင်းဆောင်ရွက်မှ သာလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖော်ဆောင်နိုင်မည်”ဟု ပြောသည်။

ပုံ-၂၀၁၅ ခုနှစ်၊စက်တင်ဘာလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကိုနှုတ်ဆက်နေစဉ်

ထို့နောက် ပြည်သူလူထုတစ်ရပ်လုံး ဆန္ဒမဲပေး၍ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်ပါ ဥပဒေ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် လိုအပ်ချက်၊ အားနည်းချက်များ ရှိကောင်း ရှိမည်ဖြစ်သော်လည်း တိုင်းပြည်နှင့်ပြည်သူကို အကာအကွယ် ပေးထားသည့် ကောင်းမွန်သော အချက်များ စွာလည်း ရှိကြောင်း ၎င်းက ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “ တစ်ဗိုလ်တစ်မင်းတွေ လုပ်လို့မရဘူးဆိုတာကတော့ ဘာပဲဖြစ်ဖြစ် ဗဟိုအစိုးရ တစ်ရပ်ပဲရှိရမယ်ဆိုတဲ့ ယျေဘုယျ အဓိပ္ပာယ်နဲ့ပြောတယ်လို့ထင်ပါတယ်။ဆိုလိုတာကတော့ ဗဟိုပြည်ထောင်စုအစိုးရအနေနဲ့ အခြေခံဥပဒေနဲ့အညီပေါ့နော်။ အခြေခံဥပဒေနဲ့အညီ ဥပဒေစိုးမိုးမှု မရှိတဲ့ အခြေအနေမျိုး ဖြစ်လို့မရဘူး၊ အဲလိုဆိုလိုတယ်လို့ ကျနော်ကတော့ နားလည်ပါတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) လွှမ်းမိုးမှုမရှိသည့် ဒေသများရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။

ပုံ-နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကိုတွေ့ရစဉ်

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “အခုက အခြေခံဥပဒေရှိတော့ ရှိတယ်၊ ဒါပေမယ့် အခြေခံဥပဒေက ကျနော်တို့ နယ်မြေအားလုံးအပေါ်မှာ သက်ရောက်မှု မရှိဘူး၊ ဥပမာ ကျနော်တို့ UWSA ဒေသမျိုးဆိုရင် အခြေခံဥပဒေအတိုင်း သွားနေတာ မဟုတ်ဘူးလေ၊ ထပ်ပြီးတော့ အခု AA တို့ဘာတို့၊ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ သြဇာလွှမ်းမိုးတဲ့ ဒေသတွေမှာဆိုရင် သူတို့အုပ်ချုပ်ရေးစည်းမျဉ်းတွေနဲ့ပဲ သွားနေကြတာကိုး။ အဲတာတွေကိုလည်း ရည်ရွယ်တာပေါ့ဗျာ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုချုပ်ကိုင်မှု အားကြီးနေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအပေါ် ချုပ်ကိုင်ထားခြင်းကြောင့် ပယ်ဖျက်ရန် သို့မဟုတ် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲရန် တောင်းဆိုလျက်ရှိသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “အဲလို မှန်မှန်ကန်ကန် သူ သုံးသပ်ပြီးပြီဆိုရင် အဖြေက ဘာလဲ၊ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ သိပြီပဲ အဖြေက ဘာလဲ၊ အခြေခံဥပဒေကို အားလုံးလက်ခံနိုင်တဲ့ အခြေခံဥပဒေဖြစ်ဖို့ပေါ့ဗျာ၊ နောက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ့နော်။ အဲဒါကို ကျနော်တို့က အသစ်ရေးတာပဲဖြစ်ဖြစ်၊ အခုဟာကို ပြင်တာပဲဖြစ်ဖြစ် အားလုံးလက်ခံနိုင်တဲ့ အနေအထား ရောက်သွားပြီဆိုလို့ရှိရင် ခုနကပြောတဲ့ တစ်နိုင်ငံလုံး ဥပဒေစိုးမိုးမှုအောက် ရောက်သွားမှာပေါ့။ တပ်မတော်တို့ ဘာတို့ဆိုတာကလည်း တစ်ခုတည်းသော တပ်မတော်ဖြစ်သွားမယ်၊ ပုံစံကတော့ ပြည်ထောင်စုတပ်မတော်တို့ ဘာတို့ ဖြစ်ချင်လည်း ဖြစ်လာမှာပေါ့ဗျာ။ ပုံစံတွေကတော့ ညှိနှိုင်းရမှာပေါ့”ဟု ပြောသည်။

ပုံ-၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ရေးထိုးစဉ်

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲမှ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုး၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ-၂၁ ပင်လုံ အစည်း အဝေးက နိုင်ငံရေးသဘောတူညီချက်များ ရယူကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ကြိုးပမ်းလျက်ရှိ သည်။

အလားတူ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့က မူ NCA မထိုးနိုင်သေးသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲမှ UWSA၊ NDAA၊ KIA၊ RCSS၊ KNU၊ SSPP တို့ ထိန်းချုပ်နယ်မြေများတွင် ၎င်းတို့ ပြဋ္ဌာန်းထားသည့် ဥပဒေများဖြင့်သာ ဆောင်ရွက်လျက်ရှိနေသည်။ထို့ပြင် တခြားသော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ များကလည်း ၎င်းတို့ လှုပ်ရှားနေသည့် ဒေသများ၌ ၎င်းတို့ပြဋ္ဌာန်းထားသည့် ဥပဒေများဖြင့် ဆောင်ရွက် နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။